ကျွန်းစု အောက်တိုဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုရန်အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းအမျိုးမျိုးကို ယမန်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များထံသို့ ထုတ်ပေးခဲ့ကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် မဲပုံးများ၊ မဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ မဲပေးပုံအဆင့်ဆင့် ပညာပေး ဗွီဒီယိုခွေ၊ သိမှတ်ဖွယ်ရာ စာအုပ်များ၊ စည်းမျဉ်းစည်းကမ်း စာအုပ်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်း လမ်းညွှန်စာအုပ်များ၊ မဲစာရင်းပုံစံများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ကိုယ်တိုင်လာရောက် ထုတ်ယူကြ ကြောင်း၊ ကျွန်းစုမြို့တွင် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၃)အုပ်စုတို့တွင် မဲရုံ စုစုပေါင်း(၁၆၃) ရုံရှိပြီး၊ မဲဆန္ဒရှင် ပေါင်း (၁)သိန်း(၁)သောင်းကျော် ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)