ငဖဲ ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံနှင့် ရင့်ရှည်ရေလှောင်တမံတို့မှ ဆည်ရေတို့ကို အသုံးပြု၍ ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံမျိုးစုံ ၉၅၂ ဧကကို စိုက်ပျိုးထားရှိပြီးဖြစ်ရာ သီးနှံစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ခုနှစ် ဆီထွက်သီးနှံ(ဆောင်း)များအဖြစ် မြေပဲ၊ နှမ်း၊ နေကြာ နှင့် ပန်းနှမ်းကို စိုက်ပျိုးကြပြီး မြေပဲစိုက်ပျိုးရန် (၁၃၀ )ဧက၊ နှမ်း (၂၈၀ )ဧက၊ နေကြာ (၆၅၀ )ဧကနှင့် ပန်းနှမ်း ( ၇၃) ဧက စုစုပေါင်း (၁၁၃၃ )ဧကစိုက်ပျိုးရန်လျာထားရာ ယနေ့ထိ မြေပဲ (၁၅၂ )ဧက၊ နှမ်း (၂၂၄)ဧက၊ နေကြာ (၄၈၂)ဧကနှင့် ပန်းနှမ်း (၉၄)ဧက စုစုပေါင်း (၉၅၂) ဧက စိုက်ပျိုးပြီးစီးပြီး ဒေသခံတောင်သူများအနေဖြင့် လျာထားချက်ပြည့်မီရေး စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ မိုးစပါးများရိတ်သိမ်းခြွေလှေ့ဆဲဖြစ်၍ မိုးစပါးအပြီး ဆီထွက်သီးနှံများကို ဆက်လက်စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ဆီထွက်သီးနှံအဖြစ် နေကြာကို ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ ရေမြေရာသီဉတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်းနှင့် ငဖဲမြို့နယ်အနေဖြင့် ယမန်နှစ်က ဆီထွက်သီးနှံမျိုးစုံ (၁၀၂၆)ဧကကို စိုက်ပျိုးနိုင်ခဲ့ရာ အထွက်နှုန်းများကောင်းမွန်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် ဆီထွက်သီးနှံများကို ပင်ဦး၊ ချောင်းဖြူ၊ ပန်းထိမ်း၊နယ်ဇော၊ ပေါင်းကလေး၊ ဆင်ချည်တိုင်၊ ရင့်ရှည်၊ စည်သာ၊ မာန်အောင်၊ ဆူးပဒေါင်းကျေးရွာအုပ်စုများတွင် အများဆုံးစိုက်ပျိုးကြကာ ယခင်နှစ်ကထက် သီးနှံစိုက်ပျိုးစရိတ်ကြီးမြင့်၍ သီးနှံများအထွက်နှုန်းကောင်းမွန်ရန်နှင့် ဈေးကောင်းရရှိရန် တောင်သူများက မျှော်လင့်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး၊ သီးနှံအရည်အသွေးကောင်းမွန်ရေး၊ အထွက်နှုန်းကောင်းမွန်ရေးနှင့် လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်း၍ တောင်သူများအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)