ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက်သီးနှံ ၁၇၄၅ ဧက စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက နေ့စဉ် သီးနှံဝင်ငွေရရှိရေးအတွက် ဟင်းသီးဟင်းရွက်သီးနှံများကို အားထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ ဟင်းသီးဟင်းရွက်သီးနှံ ၁၇၄၅ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ကို စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်သည့်အတွက် (နွေ၊ မိုး၊ ဆောင်း)တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ  ပြည်သူများ စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ ရရှိစေဖို့ အတွက် တစ်မြို့နယ်လုံး ဟင်းသီးဟင်းရွက်သီးနှံ ၁၇၄၂ ဧက လျာထား စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၁၇၄၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဒေသခံတောင်သူတွေက ဟင်းသီးဟင်းရွက်သီးနှံ စိုက်ပျိုးခြင်းကို နိုဝင်ဘာ လဆန်းကစပြီး စိုက်ပျိုးခဲ့ကြပါတယ်။  အဓိက စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်သီးနှံတွေကတော့  ခရမ်းချဉ် ၊ ပန်းမုံလာ၊ မုံညှင်း၊ မုံလာဥ၊ ဆလပ် ၊ ခရမ်း ၊ ချဉ်ပေါင်၊ ကန်စွန်း ၊ ရုံးပတီ ၊ ကြက်ဟင်းခါး ၊ သခွါး ၊ ဘူး ၊ ဖရုံ ၊ တိုင်ထောင်ပဲ ၊ နံနံပင် စသဖြင့် သီးနှံမျိုးစုံစိုက်ပျိုးတာ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက် စိုက်ပျိုးရာ၌ ပြည်သူတွေ အစားအစာ ဘေးကင်းလုံခြုံစေဖို့အတွက် လိုအပ်တဲ့ မျိုးကောင်းမျိုးသန့် မျိုးစေ့တွေရရှိအောင် ဆောင်ရွက်ပေးတဲ့အပြင် GAP စနစ် စိုက်ပျိုးရေး နည်းစနစ်တွေ၊ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲပုံအဆင့်ဆင့်ကို တောင်သူတွေကို ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက် ပေးထားပါ တယ်။ စိုက်ပျိုးရေ အဆင်ပြေတော့ ဒေသခံတောင်သူတွေက ဈေးကွက်အခြေအနေပေါ် မူတည်ပြီး ဈေးကောင်းရရှိတဲ့ ဟင်းသီးဟင်းရွက်သီးနှံများကို အားထားစိုက်ပျိုးကြပါတယ်" ဟု ပွင်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်အတွက် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးကြသည့်အပြင် အခြား စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အားလူး စသည့် သီးနှံစုံဧက ၂၄၃၇ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ စားဖိုဆောင်သီးနှံစုံ ၂၄၃၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)