ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေသည့် "ဒေါ်လာ" နှမ်း၊ မြေပဲယို၊ မရွေး၊ မြွေနဂါးကြံမွနှင့် ကြံသကာအမျိုးမျိုး ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းနှင့် တွေ့ဆုံမေးမြန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွား မြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိ ရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ဖော်ဆောင်ပေးနေသည့် ဒေါ်လာ နှမ်း၊ မြေပဲယို၊ မရွေး၊ မြွေနဂါးကြံမွနှင့် ကြံသကာ အမျိုးမျိုး ထုတ်လုပ် ဖြန့်ချိရေးလုပ်ငန်းပိုင်ရှင် ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။

မေး- မင်္ဂလာပါဆရာရှင်၊ ဆရာနာမည်လေးနှင့် လုပ်ငန်းလိပ်စာကိုဖြေကြားပေးပါအုံးရှင်။  

ဖြေ-ကျွန်တော်နာမည်ကတော့ ဦးအောင်နိုင်ဦးပါ၊ လုပ်ငန်းအမည်ကတော့ "ဒေါ်လာ" ဖြစ်ပါ တယ်၊ နေရာကတော့ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဘန့်ပြင် ကျေးရွာမှာ တည်ရှိပါတယ်။

မေး-"ဒေါ်လာ" စားသုံးကုန်အမျိုးမျိုးထုတ်လုပ်ရေးလုပ်ငန်းမှာဆိုရင် ဘယ်လိုစားကုန်တွေကို အဓိက ဖြန့်ချိထုတ်လုပ်နေပါသလဲရှင်၊

ဖြေ-ဟုတ်ကဲ့ ကျွန်တော်တို့ ဒေါ်လာစားသုံးကုန်အမျိုးမျိုးထုတ်လုပ်ရေး လုပ်ငန်းမှာဆိုရင် နှမ်း၊ မြေပဲယို၊ မရွေး၊ မြွေနဂါးကြံမွနှင့် ကြံသကာအမျိုးမျိုး ထုတ်လုပ်ဖြန့်ချိပေးလျက်ရှိပါတယ် ခင်ဗျာ။

မေး-ဆရာအနေနဲ့ ဒေါ်လာစားသုံးကုန်အမျိုးမျိုးထုတ်လုပ်ရေးလုပ်ငန်းကို ဘယ်လိုမျိုး စတင် တည်ထောင်ခဲ့ပါသလဲရှင်၊

ဖြေ-ကျွန်တော်ကတော့ ၂၀၁၂ ခုနှစ်မှာ ကြံလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ပြီး ကြံဖိုတွေမှာလည်း ဝင်ရောက်လုပ်ဆောင်ခဲ့ပါတယ်၊ ဒီဒေါ်လာ လုပ်ငန်းစက်ရုံကိုတော့ ၂၀၁၅ ခုနှစ်မှာ ဦးစီးပြီး လူသုံးဦးနဲ့စတင်ကာ ကြံဖိုတစ်ဖို တည်တောင်ခဲ့တယ် အဲဒီနောက်မှာ တဖြေးဖြေးနဲ့ လုပ်ငန်းချဲ့တွင် လုပ်ကိုင်လာရာမှာ ယခု ကြံဖို ၁၆ ဖိုအထိ ဖြစ်လာပါပြီ။

မေး-ယခုလက်ရှိ လုပ်ငန်းလည်ပတ်နေပုံနှင့် ဝန်ထမ်းဦးရေလေးကို သိပါရစေရှင့်၊

ဖြေ-ယခုလက်ရှိ ရောင်းအားအကောင်းဆုံးမှာတော့ နှမ်းမြေပဲ၊ ကြံသကာ အရောင်းသွက်လျက်ရှိပြီး တစ်နေ့ကို ပုံး ၆၀၀ ကျော်လောက် ရောင်းချရပါတယ်၊ ကျွန်တော်လုပ်ငန်းမှာ ဆိုရင် ဝန်းထမ်းဦးရေ ၁၀၆ ဦးအထိရှိပါတယ်။

မေး-"ဒေါ်လာ" စားသုံးကုန်ဖြန့်ချိရေးကနေပြီးတော့ စားသောက်ကုန် ဘယ်နှစ်မျိုးလောက်ထိ ထုတ်လုပ်ရောင်းချနေပါသလဲနှင့် ဘယ်ထုတ်ကုန် အမျိုးအစားတွေပိုပြီး ရောင်းအား အကောင်းဆုံးလဲ ဆိုတာလေး ရှင်းပြပေးပါအုံးရှင်၊

ဖြေ-ကျွန်တော် "ဒေါ်လာ" လုပ်ငန်းကနေပြီးတော့ နှမ်း၊ မြေပဲယို၊ မရွေး၊ မြွေနဂါး ကြံမွနှင့် ကြံသကာအမျိုးမျိုးဆိုပြီး အမျိုးပေါင်း (၆) မျိုးကို ထုတ်လုပ်ဖြန့်ချိရောင်းချပေးလျက်ရှိပါ တယ်၊ နှမ်း၊ မြေပဲကြံသကာဟာဆိုရင် တစ်နေ့ကို ၁၀ ပိဿာကနေ ၁၁ ပိဿာအထိ ရောင်းချရပြီး ပုံးအရေအတွက်ဆိုရင် ပုံး ၆၀၀ ကျော်မှ ၇၀၀ အထိ ရောင်းချပေးရပါတယ်၊ အခုနှစ်မှာ သကြား၊ ကြံသကာ ဟာလဲ နှမ်း၊ မြေပဲကြံသကာ အလားတူ ရောင်းချရလျက် ရှိပါတယ်၊ ဒုတိယရောင်းအားအကောင်းဆုံးကတော့ မရွေးဖြစ်ပြီး မရွေးကိုတော့ စက်နဲ့ လုပ်ကိုင်ဆောင်ရွက် ရောင်းချပေးပါတယ်၊ မြွေနဂါးကြံမွဟာဆိုရင်လည်း ရောင်းအား အကောင်းဆုံး စာရင်းထဲမှာပါရှိပါတယ်။

မေး-"ဒေါ်လာ" စားသုံးကုန်တွေကို သန့်ရှင်းလတ်ဆတ်စွာ စားသောက်နိုင်ရန် စီမံဆောင်ရွက် ထားရှိမှုကိုလဲ ရှင်းပြပေးပါအုံးရှင်၊

ဖြေ-ကျွန်တော် "ဒေါ်လာ" စားသုံးကုန်တွေဟာဆိုရင်  စားသုံးသူမိဘပြည်သူများ ကျန်းမာ​ရေး နှင့် ညီညွတ်စွာစားသုံးနိုင်ရန်အတွက် ဓာတု ဆိုးဆေးများနှင့် ကြာရှည်ခံဆေးများ သုံးစွဲထားမှု မရှိကြောင်းနှင့် ထုတ်ကုန်များကိုလည်း ထုတ်ပိုးမှုစနစ် ခိုင်မာစွာထုတ်လုပ်ရောင်းပေးပါတယ် စက်ရုံအတွင်းပိုင်းမှာဆိုရင်လည်း ဆေးလိပ်၊ အရက်သေစာ သောက်သုံးမှုမရှိအောင် ပြင်ပလူ မဝင်ရောက်အောင်နှင့် အဝင်ပေါက်တိုင်းမှာ လက်ဆေးကန်များ ထားရှိပေးပါတယ်။

မေး- "ဒေါ်လာ" စားသုံးကုန်တွေကို မြန်မာနိုင်ငံအတွင်း ဘယ်မြို့ဒေသတွေကို ဖြန့်ချိပေးနေပါ သလဲရှင်၊

ဖြေ-ကျွန်တော်စက်ရုံက ထုတ်ကုန်တွေဟာဆိုရင်  တိုင်းနဲ့ ပြည်နယ် ၁၄ ခု အနက် ၁၂ ခုလောက်အထိ ပန့်နှံပြီး မြို့ပေါင်း ၃၃ မြို့လောက်အထိ တင်ပို့ရောင်းချပေးနေပြီး တော့  ယခုလက်ရှိ ဖြန့်ဖြူးနိုင်ခြင်းမရှိသေးတာ ဆိုရင် ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့ပဲရှိမယ် ချင်းပြည်နယ် မတူပီနှင့် မင်းတပ်မြို့နယ်တွေကိုတောင် ပခုက္ကူဘက်ကနေပြီး တော့ ဖြန့်ချိပေးနေပါတယ်။ အဓိကစပို့တာကတော့ ရန်ကုန်၊ ပုသိမ်၊ ဟင်္သာတ၊ မော်လမြိုင်၊ နေပြည်တော်၊ တပ်ကုန်း၊ မန္တလေးတို့ကိုပို့ပါတယ်။

မေး-နိုင်ငံတော် ယခုလို MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိရာ ဒေါ်လာလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှုကို လဲ သိပါရစေရှင်၊

ဖြေ-ကျွန်တော်တို့ အသေးအငယ်စားအလတ်စားလုပ်ငန်းရှင်တွေကို နိုင်ငံတော်က MSME ချေးငွေထုတ်ချေးပေးတဲ့အတွက် လုပ်ငန်းသုံး စက်ပစ္စည်းများ ဝယ်ယူနိုင်ခဲ့ပြီး လုပ်ငန်းများလည်း တိုးချဲ့လုပ်ကိုင်နိုင်ခဲ့ပါတယ်၊ ဒေါ်လာစားသုံးကုန် တွေကိုလည်း တိုင်းဒေသကြီးအဆင့် ကုန်စည်ပြပွဲများမှာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ခင်းကျင်းပြသပေးနိုင်ခဲ့ပါတယ်။

မေး-နိဂုံးချုပ်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ စတင်တည်ထောင်မည့်လူငယ်တွေကို အကြံပြု လမ်းညွှန်ပေးပါအုံးရှင်။

ဖြေ-အဓိက ကတော့ ဆန္ဒပေါ့ ဖြစ်ချင်စိတ်ရှိဖို့လိုတယ်၊ အခုအလုပ်သမားအဖြစ် လုပ်နေရပင်မဲ့ တစ်ချိန်မှာ လုပ်ငန်းရှင် သူဌေးဖြစ်ရမယ်ဆို ရိုးသားရမယ်၊ ကြိုးစားအားထုတ်ရမယ် လုံလနှင့် ဝီရိယရယ် ရိုးသားမှုရှိမယ်ဆိုရင် လုပ်ငန်းရှင် ဖြစ်လာနိုင်ပါတယ် အဲတာကြောင့် လူငယ်တွေ ကြိုးစားကြပါ အားစိုက်ကြပါလို့ အကြံပေးပြောကြားတိုက်တွန်း လိုပါတယ်ခင်ဗျာ။

တွေ့ဆုံမေးမြန်း - ချစ်နှင်းသုန်(ပြန်/ဆက်)