ချောက် ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ဆေးဆိုင်နှင့် ကုန်စုံဆိုင်များအား ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မကွေးတိုင်းဒေသကြီး (FDA)မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ဆေးဆိုင်နှင့် ကုန်စုံဆိုင်များ၌ ရောင်းချသော ဆေးဝါးနှင့်စားသောက်ကုန်များတွင် အညွှန်းများ တပ်ဆင်မှုရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိနှင့် (FDA)မှ တားမြစ်ထားသော ဆေးဝါးနှင့် စားသောက်ကုန်များအား ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းကို မကွေးတိုင်းဒေသကြီး (FDA)မှ ဦးစီးအရာရှိ ဒေါ်ဖူးလှိုင်ညွန့်ဦး၊ ဦးစီးအရာရှိ ဦးဝေလင်း ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေး၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာမျိုးသက်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းသန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်လတ်လတ်ဌေး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းဖြင့် ဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲကြသော စားသုံးသူမိဘပြည်သူများအနေဖြင့် ဘေးဥပါဒ်ကင်းရှင်းစွာ သုံးစွဲနိုင်စေရေး၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြထားသော အရည်အသွေးပြည့်မီသော ဆေးဝါးနှင့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲနိုင်စေရေး၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဥပဒေနှင့်ညီညွတ်သော ဆေးဝါးနှင့် ကုန်ပစ္စည်းများကိုသာ ရောင်းချနိုင်စေရေး၊ ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း ဌာနဆိုင်ရာများ၏ တည်ဆဲဥပဒေနှင့်ညီညွတ်သော ဆေးဝါးနှင့် ကုန်ပစ္စည်းများကိုသာ ရောင်းချစေရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)