မကွေး ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီခွဲတွင် မကွေးမြသလွန်စေတီတော်ရှိ မဟာဝိဇယရံသီတန်ဆောင်း၌ ကျင်းပရာ မကွေးမြို့ သံဃာရာမကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒစရိယ၊ မြသလွန် ဩဝါဒစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစိန္တာသာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ဌာနချုပ်မှူး၊ အနောက်ပိုင်းတိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မကွေးမြို့၊ ပညာစက္ကာရာမကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမာနိတက ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာကို ရွတ်ဖတ်ပူဇော်၍ မကွေးမြို့၊ ရတနာသိဒ္ဒိကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒိသေနက ပရိတ်တရားနာကြားနိုင်ရန် နတ်ဗြဟ္မာများအား ပင့်ဖိတ်သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဧည့်ပရိတ်သတ်များက မကွေးမြို့ သံဃာရာမကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော် ဩဝါဒစရိယ၊ မြသလွန် ဩဝါဒစရိယ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစိန္တာသာရ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မကွေးမြို့၊ မဟာဓမ္မိကာရာမကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာကဏ္ဍိတ ဘဒ္ဒန္တဥတ္တရထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ် ပူဇော်ပွဲကို ဒီဇင်ဘာလ (၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဆယ်ရက်တိုင်တိုင် ဆရာတော်၊ သံဃာတော်များက အလှည့်ကျ ရွတ်ဖတ်ပူဇော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)