ရေနံချောင်း ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးသည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရေနံချောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ စီမံကိန်းစိုက်ခင်းအမှတ် ၆/၂၀၂၃ အထူးစိမ်းအပင် ၃၅၀၀ စိုက်ခင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်း (Green Complex Zome 2) ၂၀၂၄ ခုနှစ် မိုးရာသီတွင် တည်ထောင်စိုက်ပျိုးမည့် အထူးစိမ်းစိုက်ခင်း ၁၅၅၀၀ ပင်၊ စီမံကိန်းစိုက်ခင်းအမှတ် ၉/၂၀၂၃ အထူးစိမ်းအပင် ၁၁၀၀၀ စိုက်ခင်းများ၏ လက်ရှိရှင်သန် ဖြစ်ထွန်းနေမှုနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ယာယီ ရှင်းလင်းဆောင်တွင် မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ရေနံချောင်းမြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ သယံဇာတရေးရာဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားပြီး ပင်းချောင်းယာယီပျိုးဥယျာဉ်တွင် ပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက မြေအောက်သယံဇာတ ထွက်ရှိသည့် ရေနံချောင်းရေနံမြေသို့ ရောက်ရှိကာ တွင်းကုန်းရေနံသံကန်တန်းများကို ကြည့်ရှုစစ်ဆေးပြီး ရေနံများ ယိုဖိတ်ဆုံးရှုံးမှုမရှိစေရေး၊ မသမာသည့် နည်းလမ်းများဖြင့် ရေနံခိုးယူမှုများ မရှိစေရေး စနစ်တကျဆောင်ရွက်ထားရှိရန် မှာကြားသည်။ ထို့နောက် ညောင်လှရပ်ကွက် ရေနံစွမ်းအင်ဧည့်ရိပ်သာ (၁၇)ခန်းမတွင် ရေနံချောင်းရေနံမြေ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ရေနံချောင်းရေနံမြေ မန်နေဂျာဦးလှမြင့်က ရေနံများလေလွှင့် ဆုံးရှုံးမှုမရှိစေရေးနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ သယံဇာတရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်