ငဖဲ ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ချောင်းဖြူကျေးရွာမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် ပဲကြီးလှော်လုပ်ငန်း၊ မုန့်လုပ်ငန်းများနှင့် ဆောင်းတွင်းရာသီစာအဖြစ် မုန့်ဩဇာကို မိသားစုများ တပိုင်တနိုင် လုပ်ကိုင်ရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိနေကြောင်း သိရသည်။
မုန့်ဩဇာကို ခေါ်ပဲကောက်ညှင်းဆန်အမျိုးအစားကိုသုံးပြီး ၂ ညမှ ၃ ညထိ ဆန်အရည်အသွေးကိုလိုက်၍ ရေစိမ်ထားရကြောင်း၊ စိမ်ပြီးသား ကောက်ညှင်းဆန်များကို ပေါင်းပြီး မောင်းဖြင့်ထောင်းရကြောင်း၊ ထောင်းပြီးသားမုန့်များကို မိမိလိုချင်သော အရွယ်အစားညှပ်၍ တစ်နေလှန်းရကြောင်း၊ နေလှန်းပြီးသားမုန့်များကို ညနေပိုင်းတွင် သဲဖြင့်လှော်ပြီး လျော်ပီးသားမုန့်များကို ထန်းလျက်၊ ကြံသကာရည် တိုဖြင့် ယိုထိုးရောင်းချရကြောင်း သိရသည်။
“မုန့်ဩဇာလုပ်ငန်းကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၀ ရက်နေ့မှစ၍ လုပ်ကိုင်ရောင်းချပြီး တစ်နေ့လျှင် ကောက်ညှင်းဆန် ပြည် ၂၀ မှ ၃၀ အထိ လုပ်ကိုင်ရောင်းချရကြောင်း၊ ယခုနှစ်တွင် ကုန်ဈေးနှုန်းများကြီးမြင့်သောကြောင့် ကောက်ညှင်းဆန်တစ်အိတ်လျှင် ငွေကျပ်တစ်သိန်းသုံးသောင်းနှုန်းနှင့် ကြံသကာတစ်ပိသာလျှင် ငွေကျပ် ၃၅၀၀ ခန့်ထိ ပေးဝယ်ရကြောင်း၊ မိမိလယ်ယာမှထွက်ရှိသော ကောက်ညှင်းဆန်နှင့် ကြားညှပ်၍ မုန့်လုပ်ရောင်းချရသောကြောင့် ပိုမိုတွက်ချေကိုက်ကြောင်း၊ မုန့်ဩဇာကို အလှူ၊ မင်္ဂလာဆောင် ပွဲလမ်းသဘင်များရှိက ပိသာအချိန် ၃၀၊ ၄၀ စသည်ဖြင့် ပိုမိုရောင်းချရကြောင်း၊ မုန့်ဩဇာကို ငဖဲမြို့မဈေး၊ ပဒါန်းကျေးရွာ၊ မင်းတုန်း၊ ရွှေချောင်း၊ ရှမ်းတပ်ကျေးရွာများသို့ ဖောက်သည်ဈေး ငွေကျပ် ၅၅၀၀ နှုန်းဖြင့် ပေးသွင်းရောင်းချရကြောင်း၊ မုန့်ဩဇာနှင့်အတူ ပဲကြီးလှော်လုပ်ငန်းကိုလည်း ပူးတွဲလုပ်ကိုင်ရောင်းချရသည့်အတွက် မိသားစုစီးပွားရေးအဆင်ပြေကြောင်း မုန့်ဩဇာလုပ်ငန်းကို နှစ်စဉ်မပျက် လုပ်ကိုင်ရောင်းချသူ ဒေါ်နုနုလွင်က ပြောကြားသည်။
အဆိုပါမုန့်ဩဇာကို လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်ကြကာ ဆောင်းတွင်းရာသီစာအဖြစ် စားသုံးရန်၊ အလှူ/ မင်္ဂလာဆောင်များတွင် ဧည့်ခံကျွေးမွေးရန်နှင့် လက်ဆောင်ပေးရန်တို့အတွက် ဝယ်ယူသူများပြားကြကြောင်းနှင့် ချောင်းဖြူကျေးရွာတွင် မုန့်ဩဇာလုပ်ငန်းလုပ်ကိုင်ရောင်းချသူ ၅ ဦးခန့်ရှိကြောင်း သိရသည်။
မယု(ငဖဲ)