ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းရွာသစ် ဒီဇင်ဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဖြစ်သော ပလက်စတစ်သုံးစွဲမှုလျော့ချရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ ဟောပြောခြင်းကို ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးလုပ်ငန်းတွင် မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် ပတ်ဝန်းကျင်ကိုသာမက ယင်းအမှိုက်များကို မီးရှို့ခြင်းကြောင့် လေထုညစ်ညမ်းမှုများကို ဖြစ်စေတတ်ကြောင်း၊ ပလတ်စတစ်ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများကြောင့် ကျန်းမာရေးထိခိုက်စေနိုင်သည့်အပြင် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများသည် သေးငယ်သောမိုက်ခရိုပလတ် စတစ်များအဖြစ် ပြိုကွဲသွားပြီး အစာကွင်းဆက်ထဲ ရောက်ရှိနိုင်သဖြင့် သက်ရှိများနှင့်လူသားများ ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ်ထိခိုက်မှုဆိုင်ရာအကြောင်းအရာများ၊ အဏ္ဏဝါအမှိုက်သရိုက်လျှော့ချရေးအတွက် တစ်ခါသုံးပလတ်စတစ်အသုံးပြုခြင်းကို လူတစ်ဦးချင်းစီအလိုက် လျှော့ချခြင်း၊ ပြန်လည်သုံးစွဲခြင်းနှင့် ပြန်လည်ပြုပြင်သုံးစွဲခြင်းဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများပါဝင်သော နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ထားရာ ဒေသနေပြည်သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)