သရက်ချောင်း ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြစိမ်းရောင်စီမံကိန်း(သမဝါယမ)ကို မြို့နယ်သမဝါယမဦးစီးဌာနမှ ပံ့ပိုးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တီတွတ်ပြင်ကျေးရွာရှိ အေးချမ်းသာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမီတက်မှ အသင်းသား တောင်သူများ၏ စိုက်ကွင်းများရှိ ကောက်ကြီး စပါးမျိုးရိတ်သိမ်းနေမှုအား ယနေ့နံနက်ပိုင်းတွင် သရက်ချောင်းမြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့်လုပ်ငန်းကော်မတီများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမဦးစီးဌာနမှ အခြေခံသမဝါယမအသင်း(၃)သင်းမှ မိုးစပါးစိုက်ပျိုးတောင်သူများအတွက် လယ်ဧက(၃၆၄) ဧကအတွက် စုစုပေါင်းကျပ်(၇၂၈)သိန်း ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်ထွေးသွယ်ထံမှ သိရသည်။
သရက်ချောင်းမြို့နယ်တွင် မိုးစပါးယခင်နှစ်က တစ်ဧက(၆၅)တင်းမှထွက်ရှိရာ ယခုနှစ်တွင် တစ်ဧက(၇၃)တင်းအထိ အထွက်နှုန်းတိုးတက်ထွက်ရှိခဲ့ကြောင်း၊ လာမည့်မိုးစပါးရာသီတွင် ဒေသနှင့်ကိုက်ညီသည့် အထွက်နှုန်းတိုးတက်မည့်မျိုးကောင်းမျိုးသန့် မိုးစပါးမျိုး စိုက်ပျိုးနိုင်ရေးရွေးချယ်သွားမည်ဖြစ်ကြာင်း အသင်းသားတောင်သူထံမှ သိရသည်။
နန်းခလိုက်(သရက်ချောင်း)