ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အင်းပက်လက် ကျေးရွာမှ ရန်ကုန်-မန္တလေးဆက်သွယ်သောလမ်းအား ကြည့်ရှုစစ်ဆေးကာ ချောင်းကောက်ကျေးရွာ သမဝါယမစနစ်ဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်မည့် တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အင်းပက်လက်ကျေးရွာမှ ရန်ကုန်-မန္တလေး ဆက်သွယ်သော လမ်းသို့ ရောက်ရှိစဥ် ရှင်းလင်းဆောင်၌ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသင်းမင်းလတ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော အင်းပက်လက် ကျေးရွာမှ ရန်ကုန်-မန္တလေး ဆက်သွယ်သော လမ်း လမ်းအရှည် ၂/၀ မိုင်မြေသားတာဘောင် ချဲ့၍ မြေနီကျောက်စရစ်အကျယ် ၁၈ပေ ထု ၈ လက်မ လမ်းခင်းခြင်းလုပ်ငန်းအား တင်ဒါ အောင်မြင်ငွေ ၆၂.၀၅ ကျပ်သန်းဖြင့် ချိုဇင်သံသာကုမ္ပဏီမှ တင်ဒါအောင်မြင်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့ပြီး တင်ပြချက်များနှင့် စပ်လျဥ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သစ်ရာကောက်လမ်းဘေးရှိ "အောင်ကောင်းမြတ်" ကုမ္ပဏီ ရှင်းလင်းဆောင်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ချောင်းကောက်ကျေးရွာ သမဝါယမစနစ်ဖြင့် သဘာဝမြေဩဇာထုတ်လုပ် မည့် တောင်သူများ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တွေ့ဆုံပွဲ၌ "အောင်ကောင်းမြတ်" လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းဥက္ကဋ္ဌ ဦးအေးနိုင်မှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက် လာကြသော သမဝါယမအသင်းသား တောင်သူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများက မိမိဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်ချက်များ တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးလက်နေတောင်သူများ၏ အလုပ်အကိုင် အခွင့်လမ်းများရရှိရေး၊ အသင်းသားတောင်သူ များအနေဖြင့် အထွက်နှုန်းကောင်းပြီး စျေးကွက်သေချာသည့် မျိုးစပါးများ ပြောင်းလဲစိုက်ပျိုးကြစေလိုကြောင်း၊ သဘာဝမြေဩဇာများကို အချိုးကျကျရောနှောအသုံးပြုကြစေလိုကြောင်း၊ နွေစပါးနှင့် နွေသီးနှံများ စိုက်ပျိုးနိုင် ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် မှာကြားလိုကြောင်း၊ မိမိတို့ ဒေသအတွင်း သီးနှံများစိုက်ပျိုးရာတွင် တစ်နှစ်ကို သီးနှံသုံးသီးစိုက်ပျိုးနိုင်အောင် ကြိုးစားဆောင်ရွက်ကြစေလို ကြောင်း၊ စိုက်ပျိုးသော သီးနှံများအားလုံး အထွက်နှုန်းတိုးတက် ကောင်းမွန်စေရေးနှင့် သီးနှံအရည်အသွေး ကောင်းမွန်စေရေးတို့အတွက် မျိုးကောင်းမျိုးသန့်များကို စနစ်တကျရွေးချယ်သုံးစွဲပြီး စိုက်ပျိုးကြစေလိုကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့် ဘက်မှ အစဥ်အမြဲပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် သဘာဝမြေဩဇာထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ဆက်စပ်ပစ္စည်းများနှင့် ပြသထား သော သဘာဝမြေဩဇာ ထုတ်လုပ်ထားရှိမှုအား ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)