မင်းဘူး ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စားရေရိက္ခာ ဖူလုံစေရန်အတွက် စိုက်ပျိုးရေးကို အခြေခံ၍ လယ်ယာထုတ်ကုန်နှင့် သီးနှံစိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကို ဦးစားပေးပြီး နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံဧကပေါင်း ၈၈၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် မင်းဘူး(စကု) မြို့နယ်အတွင်းရှိ လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်မြေများ၌ ဆောင်းအဓိက သီးနှံအဖြစ် မြေပဲ ၆၉၆၅ ဧက၊ နှမ်း ၉၉၅ ဧက၊ နေကြာ ၂၈၇၈၀ ဧကနှင့် မတ်ပဲ ၁၇၂ ဧက စုစုပေါင်း ၃၆၉၁၂ ဧက၊ ထို့အပြင် မိုးစပါးအပြီး ဆောင်းသီးနှံ သီးထပ်၊ သီးညှပ်အဖြစ် ကုလားပဲ၊ နေကြာ၊ မတ်ပဲ၊ စားတော်ပဲ၊ ပဲလွမ်းနှင့် အခြားသီးနှံ စုစုပေါင်း ၅၁၇၁၈ ဧက တိုးချဲ့စိုက်ပျိုး လျက်ရှိပြီး၊ ယနေ့အထိ ဆောင်းသီးနှံကို အဓိကနှင့် အခြားစုစုပေါင်း ၈၈၆၃၀ ဧကအထိ စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီနှံစိုက်ပျိုးရာသီတွင် ဧကပေါင်း ၁၈၉၁၅၅ ဧက အထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အလားတူ ဆောင်းသီးနှံမျိုးစုံကိုလည်း ဧကပေါင်း ၉၁၀၀၀ ကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ဧကပေါင်း ၈၈၀၀၀ ကျော် စိုက်ပျိုးပြီးစီး သွာပြီဖြစ်ကြောင်း၊ စိုက်ပျိုးချိန်တွင် နည်းစနစ်မှန်ကန်စေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် လျာထားချက်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးတို့အတွက် မြို့မ၊ သိမ်ကုန်းနှင့် ထနောင်းတောတို့ရှိ တောင်သူပညာပေး နည်းပညာ ပြန့်ပွားရေးစင်တာ (KC)ရှေ့တန်းစခန်းများအလိုက် စိုက်ပျိုးရေး ကွင်းဝန်ထမ်းများက ဒေသခံတောင်သူများနှင့် ပူးပေါင်းပြီး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခင်နှစ် ဆောင်းသီးနှံ စိုက်ပျိုးနိုင်ခဲ့မှုအပေါ်အခြေခံ၍ ယခုနှစ် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံဧကပေါင်း ၉၁၂၈၈ ဧကစိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ၈၈၆၃၀ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကာ ကျန်ရှိဧကများ လက်ဆက်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)