ပေါင်းတည် ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် တောင်သူများသို့ ဖြန့်ဝေထားသည့် မျိုးစေ့များဖြင့် စိုက်ပျိုးထားသော TBL9 မတ်ပဲ မျိုးသန့်စိုက်ခင်းများ ဖြစ်ထွန်း အောင်မြင်လျက်ရှိသည်။
ယခုနှစ်တွင် မြို့နယ်အတွင်း၌ မတ်ပဲ ၃၉၁၈၃ဧက စိုက်ပျိုးထားလျက်ရှိကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။ စိုက်ပျိုးဦးစီးဌာနမှ စံပြစိုက်ခင်းအဖြစ် သတ်မှတ်ထားသော မန်ကျည်းပင်ကျေးရွာအုပ်စု မန်ကျည်းပင်ကျေးရွာ၊ တောင်သူ ဦးအေးထွန်း၏ ၅ ဧက မတ်ပဲ စိုက်ခင်းအပါအဝင် မတ်ပဲစိုက်တောင်သူများ၏ စိုက်ခင်းများသည် မျိုးမှန်၊ စိုက်နည်းမှန်၊ မြေမှန်မှုများကြောင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးထားလျက်ရှိသော မတ်ပဲများသည် ၂လခန့် သက်တမ်းရှိပြီ ဖြစ်ကြောင်း သိရသည်။ ဒေသတွင်း၌ ယခုလတ်တလောအချိန်တွင် မတ်ပဲသစ် စျေးနှုန်း ၉ဝဝဝဝကျပ်နှုန်း ဝန်းကျင် ရှိနေ၍ အထွက်ကောင်းမတ်ပဲမျိုး စိုက်ပျိုးထားသူများ အကျိုးအမြတ် ဖြစ်ထွန်းလာဖွယ် ရှိကြောင်း စိုက်ပျိုးသီးနှံ ရောင်းဝယ်ရေးဒိုင်များမှ ခန့်မှန်းထားကြောင်း သိရသည်။
သူရကြီး (ပေါင်းတည်)