ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရေနံချောင်း ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ် အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ချိုချိုမြင့်က အားကစား ပြိုင်ပွဲများ ကျင်းပရခြင်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့်ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများအပြင် အခြားကဏ္ဍများကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြား သည်။ ထို့နောက် ပါမောက္ခချုပ်နှင့် ပါမောက္ခ (ဌာနမှူး) များက တံခွန်စိုက်ဆုဖလားရရှိသည့် ရူပဗေဒအသင်းနှင့် အခြားဆုများကို အသီးသီးပေးအပ်ချီးမြှင့်သည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် အမျိုးသား၊ အမျိုးသမီး မီတာ ၁၅၀၀၊ ၈၀၀၊ ၄၀၀၊ ၂၀၀၊ ၁၀၀ အပြေးပြိုင်ပွဲများ၊ သံပြားပစ်၊ သံလုံးပစ်၊ အလျားခုန်၊ အမြင့်ခုန်၊ သုံးဆင့်ခုန်၊ လက်ဆင့်ကမ်း ပြိုင်ပွဲ များကို ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၅၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်