ချောက် ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ချောက်/လမ်းရွာရေနံမြေနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol JOC Inc တို့၏ လူမှုရေးတာဝန်သိမှု (Corporate Social Responsibility -CSR) အစီအစဥ်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍ “ဒို့ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ပလတ်စတစ်ကို လျှော့သုံးစို့”ခေါင်းစဥ်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်က အမှတ် ၂ လုပ်သားများ အပန်းဖြေရိပ်သာ ချောက်ရေနံမြေလုပ်ငန်းခွင်သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲဝင်(၂) ဦးအေးမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီစိုးမင်းမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ချောက်/လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာ ဦးရဲနိုင်က လူမှုရေးတာဝန်သိမှု(CSR)အစီအစဥ်ဖြင့် ဆောင်ရွက်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး “ဒို့ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ပလတ်စတစ်ကိုလျှော့သုံးစို့"ခေါင်းစဥ်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိမှတ်စရာများအား ပခုက္ကူခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလမင်းသန်းက ဟောပြောခဲ့သည်။
ဆက်လက်၍ အသိပညာပေးဟောပြောပွဲ တက်ရောက်လာသူများက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများအား ပလတ်စတစ်လျော့ချသုံးစွဲနိုင်ရေးအတွက် စျေးဝယ်အိတ် လက်ဆောင်ပစ္စည်းများအားလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာအုပ်များအားလည်းကောင်း တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို နံနက်ပိုင်းတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် မြန်မာ့ရေနံနှင့် Gold petrol မှ ဝန်ထမ်းများဖြင့်လည်းကောင်း၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ချောက်မြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများဖြင့်လည်းကောင်း အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)