ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဇီးတောကျေးရွာအုပ်စုအား ဆက်လက်ထုတ်ချေးပေး

ငဖဲ ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းက ဇီးတောကျေးရွာအုပ်စုမှ တောင်သူ (၄၅)ဦး၏ အခြားသီးနှံစိုက်ဧက (၂၂၇) ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ် (၂၂၇ )သိန်းကို ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် တောင်သူများအား စိုက်ပျိုးစရိတ် အရင်းအနှီး ရရှိစေရေးနှင့် သီးနှံများအချိန်မီ စိုက်ပျိုး ထုတ်လုပ်နိုင်ပြီး တောင်သူများလူမှုစီးပွားဘဝ အဆင်ပြေစေရန် ရည်ရွယ်၍ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေး လျက်ရှိကြောင်း၊ ယခင်နှစ် ဆောင်းသီးနှံချေးငွေ အရင်း၊ အတိုးပြေကျေစွာပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)ရှိသည့် တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ငဖဲမြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်သန်းသန်းဆင့်က ပြောကြား သည်။

ငဖဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးနိုင်ရေးအတွက် ကျေးရွာအုပ်စု(၈)အုပ်စုမှ တောင်သူများအား ချေးငွေကျပ်သိန်းပေါင်း (၂၀၀၀) ကို ထုတ်ချေးပေးရန် လျာထားပြီး  အခြားသီးနှံစိုက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ဇီးတော ကျေးရွာအုပ်စုမှ တောင်သူ (၄၅)ဦး၏ ကုလားပဲစိုက်ဧက(၄၅ )ဧက၊ ပဲတီစိမ်း (၁၁၁)ဧကနှင့် မြေပဲ (၇၁)ဧက စုစုပေါင်း စိုက်ဧက (၂၂၇)ဧကအတွက် ချေးငွေကျပ်(၂၂၇)သိန်းကို ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုး စရိတ်များကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။      

မယု(ငဖဲ)