မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘက်စကတ်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဒီဇင်ဘာ ၁၉

၂၀၂၃ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မကွေးခရိုင်အားကစားကွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နည်းပြများနှင့် အားကစားသမားများ၊  ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲအား တစ်မျိုးသားလုံး ကျန်းမာကြံခိုင်မှုအဆင့်အတန်း မြင့်မားလာစေရန်၊ အားကစား လှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ဗလငါးတန် ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များ ထွက်ပေါ်လာစေရန်၊ မျိုးဆက်သစ်လူငယ် ရွက်ပုန်းသီး အားကစားသမားများနှင့် တိုင်းဒေသကြီးကိုယ်စားပြု သွေးသစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် အားကစားကို ငယ်စဉ်ကတည်းက စိတ်ပါဝင်စားပြီး လေ့လာ လိုက်စားရာမှ ဝါသနာပါသည်အထိ လေ့ကျင့်ယှဉ်ပြိုင် ကစားကာ တိုင်းဒေသကြီး ဂုဏ်ဆောင်၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြိုင်ပွဲဝင်အသင်းများအတွက် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ အသင်းတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပန်းပွားအကအား ဘင်ခရာတီး၍ ကပြဖျော်ဖြေရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ပထမဆုံး ပွဲစဉ်အဖြစ် မကွေးခရိုင်နှင့် သရက်ခရိုင်ကိုယ်စားပြု အမျိုးသား ဘက်စကတ်ဘော အသင်းတို့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ မင်းဘူး၊ ချောက်၊ သရက်၊ အောင်လံ စသည့် ခရိုင်များမှ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲဝင်များက ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပတ်လည်ကစားကာ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)