ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ၃၅၈၆ ဧက စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ကုလားပဲသီးနှံဧက ၂၀၀၀၀ ကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကုလားပဲသီးနှံ ၃၅၈၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲသီးနှံဧက ၂၁၈၄၃ ဧက စိုက်ပျိုးရန်လျာထားရှိပြီး ဒေသခံတောင်သူများက နိုဝင်ဘာပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ကုလားပဲသီးနှံ ၃၅၈၆ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ကုလားပဲသီးနှံစိုက်ပျိုးမှုအနေနဲ့က တစ်မြို့နယ်လုံး စိုက်ဧက ၂၁၈၄၃ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သတ်မှတ်လျာထားတဲ့ စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူတွေကို စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဆောင်းကုလားပဲသီးနှံစိုက်ပျိုးခြင်းကိုတော့ နိုဝင်ဘာလ ပထမပတ်လောက်ကစပြီး စိုက်ပျိုးခဲ့ရာ ယနေ့အထိ စိုက်ဧက ၃၅၈၆ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ဒီဒေသမှာ စိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုရှိတာကြောင့် ကုလားပဲသီးနှံစိုက်ပျိုးရေးကို ဆောင်းသီးနှံအဖြစ် တောင်သူတွေက အားထားစိုက်ပျိုး လုပ်ကိုင်ကြတယ်။ ကုလားပဲသီးနှံစိုက်ပျိုးရာမှာလဲ သီးနှံအထွက်ကောင်းမွန်တဲ့ ရေဆင်း(၆)နဲ့ ရေဆင်း(၁၂) ကုလားပဲမျိုးများကိုသာ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေဖူလုံစွာရရှိသည့်အတွက် နှစ်စဉ် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲသီးနှံအပါအဝင် မတ်ပဲ၊ ပဲကြီး၊ ပဲယင်း၊ ပဲကြား၊ စားတော်ပဲ၊ ထောပတ်ပဲ၊ ပဲနောက်၊ ပဲလွမ်းစသည့် ပဲမျိုးစုံသီးနှံဧက ၃၈၀၈၄ ဧက  လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကာ ယနေ့အထိပဲမျိုးစုံသီးနှံ ၁၉၅၄၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)