မြို့သစ် ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ လဲလူ ကျေးရွာအနီး "ဘိုမြင့်သူကုမ္ပဏီနှင့် ဒေသခံတောင်သူအကျိုးတူ ဖရဲစိုက်ခင်းနှင့် မြို့သစ်မြို့နယ် မင်းရပ်ကွက်(ယင်းနားကုန်းကျေးရွာ) ကွင်းအမှတ်(၂၆၀၈-ခ)၊ ဦးပိုင်အမှတ် -၉၃ / ၁၊ ဧရာမင်းစပါးမျိုး (RS-CS)မျိုးစေ့ထုတ်စံပြကွက်သို့ ရောက်ရှိကာ ဒေသခံစိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖရဲစိုက်ခင်း၊ ဘိုမြင့်သူကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမိုးမြင့်ရန်အောင်က စိုက်ပျိုးထားသည့် ဖရဲစိုက်ခင်းနှင့်ပတ်သက်၍လည်းကောင်း၊ ဖရဲစိုက်ခင်းဘိုမြင့်သူကုမ္ပဏီ ဒါရိုက်တာ ဦးသီဟဆွေက လိုအပ်သည်များကို ဖြည့်စွက်တင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များအား လမ်းညွန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘိုမြင့်သူကုမ္ပဏီနှင့် ဒေသခံတောင်သူ အကျိုးတူဖရဲစိုက်ခင်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်မြို့နယ်၊ မင်းရပ်ကွက်၊ ကွင်းအမှတ်(၂၆၀၈-ခ)၊ ဦးပိုင် အမှတ်-၉၃ / ၁ ၊ တောင်သူ ဦးမောင်လှ၏ ဧရာမင်းစပါးမျိုး(RS-CS)မျိုးစေ့ထုတ် စံပြကွက်သို့ရောက်ရှိကာ မိုးစပါးစံပြကွက်စိုက်ခင်း ရိတ်သိမ်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ ဒေသခံစိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံ၍ ဆင်းရွှေကြာ(၂) နေကြာ မျိုးစေ့နှင့်(ပိုက်ဆံလျှော်) မျိုးစေ့များအား တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားစေရေးဆိုင်ရာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (မြို့သစ်)