ငဖဲ ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့၏ အရှေ့ဘက်လယ်မြေများတွင် မြေအောက်ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ ဆောင်းရာသီ စားဖိုဆောင်သီးနှံအဖြစ် ကိုက်လန်ဟင်းသီးဟင်းရွက်စိုက်ခင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ နေ့စဉ် ရောင်းချရကာ မိသားစုပုံမှန်ဝင်ငွေ ရရှိနေကြောင်း စိုက်ပျိုးရောင်းချသူ တောင်သူ ဒေါ်သင်းခိုင်ထံမှ သိရသည်။
ကိုက်လန်မျိုးစေ့ထုတ်များကို မင်းဘူးမြို့မှ ဝယ်ယူ၍ ပျိုးခင်းတွင်မြေဆွေးဖုံးပြီး မျိုးစေ့တွေကို လက်မဝက်ခန့်အနက်ထား၍ တစ်စေ့နဲ့တစ်စေ့ တစ်လက်မခြားပျိုးထောင်ရကြောင်း၊ ပျိုးပင်ပေါက်များကို တစ်ပင်နှင့် တစ်ပင် ၆ လက်မခြားပြီး တန်းကြား ၂ ပေ အကွာ စိုက်ပျိုးရကြောင်း၊ ပျိုးပင်များ အမြစ်စွဲသွားသည့် အခါ ရက် ၂၀ ခန့်အကြာတွင် တစ်ပင်နှင့် တစ်ပင် တစ်ပေကွာအောင်ထားပြီး မလိုအပ်သည့် အပင်များကို နုတ်ပစ်ရကြောင်း၊ အပင်များ ၄ လက်မ အမြင့်ရောက်သည့်အခါ ဓာတ်မြေဩဇာအရည်ပက်ဖျန်းပေးရပြီး အပင်အားသန် အရွက်လှစေရန် အတွက် ကောက်ရိုးမြေဆွေး၊ သစ်ဆွေးများဖုံးအုပ်ပေးရ၍ စိုက်ပျိုးပြီး နှစ်လခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ဆောင်းရာ သီဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်သည့် ကိုက်လန်ကို ကြော်ချက်စားသုံးခြင်းနှင့် အတို့အမြှပ် အဖြစ် စားသုံးလျှင် အလွန်ချို၍ လူအများကြိုက် နှစ်သစ်ကာ ဝယ်ယူစားသုံးသူများပြားကြောင်း၊ ကိုက်လန်နှင့် အတူ ဆောင်းရာသီဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးထားရှိပြီး ကိုက်လန် တစ်ပင်လျှင် ငွေကျပ် ၁၀၀ နှုန်းဖြင့် နေ့စဉ် ၁၀၀၀၀ ကျပ်ဖိုး ခန့်ရောင်းချရကြောင်း၊ ကိုင်းမြေမှ ထွက်ရှိသည့် သီးနှံများနှင့် အတူ ငဖဲမြို့မ ဈေးတွင် မိမိကိုယ်တိုင်ရောင်းချပြီး အခင်းသို့ဖောက်သည် လာဝယ်သူများရှိကြောင်း၊ ရာသီအလိုက် ဟင်းသီးဟင်းရွက်များကို နေ့စဉ်မပြတ် စိုက်ပျိုးရောင်းချရလို့ မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်း တောင်သူဒေါ်သင်းခိုင်က ပြောကြားသည်။
ငဖဲမြို့နယ်တွင် မြို့မရပ်ကွက်၊ ချင်းစုရပ်ကွက်၊ အိုးမြေတွင်းကျေးရွာနှင့် ပန်းထိမ်းကျေးရွာများတွင် မြေအောက်ရေနှင့် မန်းချောင်းရေကို အသုံးပြု၍ကိုင်းမြေများတွင် တစ်နိုင်တစ်ပိုင် ဆောင်းရာသီ ဟင်းရွက်နှင့် သီးနှံများ၊ မေမြို့ပန်း၊ ဂန္ဓမာပန်းများကို စိုက်ပျိုးရောင်းချလျက်ရှိ ကြောင်း သိရသည်။
မယု(ငဖဲ)