ရွှေတောင် ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ယမန်နေ့နံနက် (၁၁း၀၀)နာရီက မြစိမ်းရောင် (အသားကဏ္ဍ) ဝက်မွေးမြူရေးစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေပေးအပ်ပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးလင်းက မြစိမ်းရောင် (အသားကဏ္ဍ) ဝက်မွေးမြူရေးစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က မြစိမ်းရောင်(အသားကဏ္ဍ) ဝက်မွေးမြူရေးစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝက်ကောင်ရေ (၅၆၂)ကောင်အား တစ်ကောင်လျှင် (၁၀၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း မွေးမြူသူဦးရေ (၁၇၅)ဦးအတွက် ရန်ပုံငွေ(၅၆၂)သိန်းကျပ်ကို မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာ၊ မြစိမ်းရောင်(အသားကဏ္ဍ) ဝက်မွေးမြူရေးစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူ ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် ဌာနဆိုင်ရာများ၊ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာမြစိမ်းရောင် (အသားကဏ္ဍ)ဝက်မွေးမြူရေးစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် /ဆက်)