မင်းဘူး ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ ဘာသာရေးဆိုင်ရာ ပွဲအခမ်းအနားများကို မြို့အလယ်တွင် ခန့်ညားတင့်တယ် ထည်ဝါစွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် RC နှစ်ထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးကို ဆောက်လုပ်လျက်ရှိရာ ယနေ့အထိ တည်ဆောက်ရေး လုပ်ငန်းအားလုံး ၂၄ ရာခိုင်နှုန်းကျော် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ RC နှစ်ထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးကို မင်းဘူးမြို့ မင်းပူးဦးဩဘာသမြို့နယ် ခန်းမဘေးရှိ မြေနေရာ ၁ ဒဿမ ၅၃ ဧကတွင် ဆောက်လုပ်လျက်ရှိကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒီဇင်ဘာ ၁၈ ရက် (ယမန်နေ့) နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအားလုံး အချိန်မီပြီးစီးရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
“မင်းဘူးမြို့မှာ မြို့အင်္ဂါရပ်နဲ့အညီ ဘာသာရေးဆိုင်ရာ ပွဲအခမ်းအနားတွေကို မြို့အလယ်မှာ ခမ်းနားတင့်တယ်စွာ ကျင်းပပြုလုပ်နိုင်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် နိုဝင်ဘာ ၇ ရက်နေ့က ပန္နက်တင်ဆောင်ရွက်ပြီးတော့ စတင်ဆောက်လုပ်လျက်ရှိပါတယ်။ အခုလက်ရှိမှာတော့ တည်ဆောက်ရေးအပိုင်းအနေနဲ့ ဖောင်ဒေးရှင်းအပိုင်း အုတ်မြစ်နှင့် ခုံတုံးယက်မလုပ်ငန်းတွေပြီးလို့ မြေညီထပ်တိုင်ထောင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ တိုင်ထောင်တဲ့ အပိုင်းကတော့ ၉၀ ရာခိုင်နှုန်းကျော်ပြီးနေပါပြီ။ ဒါပြီးရင် ပထမအထပ် (First Floor)ကြမ်းခင်းအတွက် ကွန်ကရစ်လောင်းဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ သာသနိက အဆောက်အအုံအဖြစ် သိသာထင်ရှားပေါ်လွင်အောင် မြန်မာမှု မြန်မာ့ဟန်တွေ ထည့်သွင်းပြီးတော့ ဆောက်လုပ်သွားမှာပါ။ ဒေသခံတွေရော အများပြည်သူတွေအနေနဲ့ သာသနာ့ဗိမာန်တော်ကြီး ဆောက်လုပ်တဲ့နေရာမှာ အလှူငွေများ ပါဝင်လှူဒါန်းချင်တယ်ဆိုရင် လှူဒါန်းလို့ရအောင် စနစ်တကျ စီစဉ်ပေးထားပါတယ်”ဟု မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။
အဆိုပါ သာသနာ့ဗိမာန်တော်ကြီး၏ အရွယ်အစားမှာ (အလျား ပေ ၁၈၀ x အနံ ပေ ၉၀)ရှိပြီး ၃၀၀ ဦးဆံ့ RC နှစ်ထပ်ဆောင် အဆောက်အအုံအမျိုးအစားဖြစ်ကာ ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ဆောက်လုပ်လျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း၊ ၎င်းသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီးပါက မြို့အလယ်တွင် ဘာသာရေးဆိုင်ရာ အခမ်းအနားပွဲများ၊ အစိုးရပါဠိပထမပြန်စာမေးပွဲများ၊ စူဠဘွဲ့နှင်းသဘင်အခမ်း အနားများနှင့် ဓမ္မပူဇာသဘင်တရားပွဲများကို သွားလာရေး လွယ်ကူချောမွေ့၍ အဆင်ပြေစွာ ကျင်းပပြုလုပ် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)