ရွှေတောင် ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ကင်ပွန်းခြုံလမ်းရှိ ဦးဇော်ဝင်း၏ "လင်းရောင်ခြည်" ယိုစုံလုပ်ငန်းလုပ်ကိုင်နေမှုအခြေအနေ၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ဖိုးခေါင်ကျေးရွာရှိ ဒေါ်ဝင်းစပယ်၏ "အသားစားကြက် (CP) ခြံ" တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု) ချေးငွေ(၄၅၀)သိန်းဖြင့် ကြက်ကောင်ရေ(၈၀၀၀) မွေးမြူထားမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကျွန်းတန်းရိုးကျေးရွာ၊ ကွင်းအမှတ်(၄၄၂) မကျည်းပင်ကွင်းတွင် ဆောင်းသီးနှံပဲမျိုးစုံနှင့် ရာသီပန်းမန်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ဝါးတောကျေးရွာအုပ်စုကွင်းအမှတ် (၄၈၂) ဖားအိုင့်ကွင်းရှိမတ်ပဲ (ရေဆင်း- ၇)(၁၅) ဧကနှင့် (TBL-9) (၃၅) ဧကစုစုပေါင်း(၅၀)ဧက စံပြစိုက်ခင်းစိုက်ပျိုးထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့သည်။
ထို့နောက် ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စု၊ မယားမာန်ကျေးရွာ ရွှေနတ်တောင်စေတီတော်သို့ ရောက်ရှိဖူးမြော်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် မိသားစုတို့မှ အလှူတော်ငွေ(၁၀)သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)