မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန် ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများအတွက် အစားအသောက်ဆိုင်ရာ အခြေခံဝန်ဆောင်မှုသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

မကွေး ဒီဇင်ဘာ  ၁

ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့်  အစားအသောက်ဆိုင်ရာ အခြေခံဝန်ဆောင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်၊ မွန်းတည့် ၁၂ နာရီက မကွေးမြို့ရှိ Win Hotel ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ရန်နှင့် ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများတွင် အာဟာရပြည့်ဝသော အစားအစာများ ဆန်းသစ်တီထွင်ပြီး ကောင်းမွန်သော ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပို့ချသင်ကြားပေးရခြင်းဖြစ်၍ တက်ရောက် သင်ကြားခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးသော သင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင်၌ အကျိုးရှိရှိ အသုံးချဆောင်ရွက်ကြစေလိုကြောင်း၊ အစားအသောက်ဆိုင်ရာ အခြေခံဝန်ဆောင်မှု သင်တန်းကို ၂၀၂၃ ခုနှစ်အတွင်း သင်တန်း(၄)ကြိမ် ဖွင့်လှစ်၍ သင်တန်းသား ၂၀၀ဦးကို အောင်မြင်စွာသင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကာ ဆက်လက်၍လည်း အဆင့်မြင့်မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း  တိုင်းဒေသကြီးအတွင်းသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့်  (၁ ဒသမ ၆)သန်း ခန့် ဝင်ရောက်ခဲ့သဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၄၈ ရာခိုင်နှုန်း တိုးတက်မှုရှိလာကြောင်း၊  ခရီးသွားဧည့်သည် တိုးတက်လာသည်နှင့်အမျှ ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများ၏ ဝန်ဆောင်မှုများလည်း ဖွံ့ဖြိုးတိုးတက်လာရမည်ဖြစ်ကြောင်း၊ ဧည့်ဝန်ဆောင်မှုလုပ်ငန်းတွင် အဓိကဖြစ်သည့် ဧည့်သည်များအား စေတနာထား၍ လိုက်လှဲပျူငှာစွာ ဝန်ဆောင်မှုပေးခြင်းဖြစ်သလို အစားအသောက်များသည်လည်း အာဟာရရှိပြီး သန့်ရှင်းကောင်းမွန်ရန် အရေးကြီးပါကြောင်းနှင့် မိမိတို့ တတ်ကျွမ်းသည့် ပညာရပ်များကို ရပ်တန့်မနေပဲ ဆက်လက်လေ့လာဆည်းပူးသင်ယူခြင်းဖြင့် Supervisor Level ၊  Manager Level နှင့် General Level အထိ ရောက်ရှိအောင် ကြိုးစားအားထုတ်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားကိုယ်စားလှယ်တစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ သင်တန်းကို မကွေးမြို့ပေါ်ရှိ ဟိုတယ်နှင့်တည်းခိုရပ်သာများမှ သင်တန်းသား ၃၀ ဦး၊ စားသောက်ဆိုင်များမှ သင်တန်းသား ၁၅ ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြများမှ ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများအတွက် အစားအသောက်ဆိုင်ရာလုပ်ငန်းများကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ တစ်ပတ်ကြာ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်ပို့ချ  သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)