အထက်မင်းလှ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ ၄ နာရီက ရုံးရပ်မြောက်ပိုင်းရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ရတနာသံဖြူကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။ ထို့နောက် အောင်ဗေဓိကျောင်းတိုက်ဆရာတော်မှ ရေစက်ချတရား ဟောကြားတော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကျေးဇူးတင်စကား လျှောက်ထားခဲ့သည်။ ယင်းနောက် ဆရာတော် သံဃာတော်များအား တာဝန်ရှိသူများက အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပဌာန်းသိမ်းအောင်ပွဲသို့ တက်ရောက်လာသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆိုခဲ့သည်။
ဆက်လက်၍ မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခဲ့ကြသည့် ဆရာတော်သံဃာတော်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အသီးသီးမှ ပြည်သူများက ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ အလှူငွေများနှင့် ဆွမ်းဆန်စိမ်း လောင်းလှူခဲ့သည်။ မင်းလှမြို့၌ မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာလ(၁၃)ရက်နေ့မှ (၁၇)ရက်နေ့ထိ ရွတ်ဖတ်ပူဇော်ခဲ့ရာ (၄၇)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်တွင်လည်း ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲများကို ရပ်ကွက်အလိုက် အလှည့်ကျ ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး ဒီဇင်ဘာ (၁၃)ရက်နေ့မှ ဇန်နဝါရီလ (၁၀) ရက်နေ့အထိ တစ်လတိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်သည်။ မင်းလှမြို့နယ်တွင် ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်နေစဉ်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အသီးသီးမှ ပြည်သူများက ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခဲ့သည့် ဆရာတော်သံဃာတော်များအား နဝကမ္မအလှူငွေ၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့်အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)