ပွင့်ဖြူ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိခိုက်မှု ကင်းဝေးစေရန်နှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ကင်းစင်ပပျောက်စေရန်ရည်ရွယ်၍ ပလတ်စတစ်ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးတွင် ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့ မစည်ပင်သာယာဈေးရှိ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့်အတူ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို ပလတ်စတစ် ကြွပ်ကြွပ်အိတ်များ အလွန်အကျွံသုံးစွဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုးကျိုးဖြစ်စေမှုများကို အသိပညာပေး ဆွေးနွေးဟောပြော၍ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဈေးရောင်းဈေးဝယ်ပြုလုပ်ရာတွင် ပလတ်စတစ် ကြွပ်ကြွပ်အိတ်များ အစားထိုးအသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ကို အခမဲ့ လိုက်လံဖြန့်ဝေပေးခဲကြောင်း သိရသည်။
အဆိုပါ ပလတ်စတစ်သုံးစွဲမှု လျော့ချရေးအသိပညာပေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဈေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့ဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအပါအဝင် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ကျေးလက်စည်ပင်သာယာဈေး(၄)ခုတို့ရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို ဈေးရောင်းဈေးဝယ်ပြုလုပ်ရာ၌ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိခိုက်မှုကင်းဝေးရေး ပလတ်စတစ်ပစ္စည်း အစားထိုးငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ကိုသာ သုံးစွဲသွားရန် အသိပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ပလတ်စတစ်ပစ္စည်းများ သုံးစွဲခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောခြင်းတို့ကို အရှိန်အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)