ငဖဲမြို့နယ်၌ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ကုလားပဲ ၂၆၈၁ ဧကစိုက်ပျိုးပြီးစီး

ငဖဲ ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ကုလားပဲ ၂၆၈၁ ဧကကို စိုက်ပျိုးထားရှိပြီးဖြစ်ရာ ပဲစိုက်ခင်းများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံအဖြစ် ကုလားပဲ ၅၉၇၄ ဧကကို စိုက်ပျိုးရန်လျာထားဆောင်ရွက် ခဲ့ရာယနေ့ထိ ကုလားပဲရေဆင်း (၄)မျိုး(၉၁၉)ဧက၊ ရေဆင်း(၆)မျိုး (၈၉၈)ဧက နှင့် ရေဆင်း(၁၂)မျိုး (၈၆၄)ဧက စုစုပေါင်း(၂၆၈၁)ဧကအထိ စိုက်ပျိုးပြီးစီးခဲ့ပြီး ဒေသခံတောင်သူများအနေဖြင့်    မိုးစပါးများ ရိတ်သိမ်းခြွေလှေ့အပြီးတွင် လျာထားချက်ပြည့်မီရေး စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်းနှင့် ရေမြေရာသီဉတုနှင့်ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်သည့်မျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ ငဖဲမြို့နယ်အနေဖြင့် ယမန်နှစ်က ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲ(၅၂၀၈)ဧကကို စိုက်ပျိုးခဲ့ရာ အထွက်နှုန်းကောင်းမွန်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် ကုလားပဲသီးနှံကို ပန်းထိမ်းအုပ်စု၊ ဆင်ချည်တိုင်ကျေးရွာအုပ်စု၊ ဆူးပဒေါင်းကျေးရွာအုပ်စု၊ ပဒါန်းကျေးရွာအုပ်စု၊ စည်သာကျေးရွာနှင့် မာန်အောင်ကျေးရွာအုပ်စုတို့တွင် အများဆုံးစိုက်ပျိုးကြကာ တစ်ဧကလျှင် မျိုးစေ့ ၂ တင်းနှုန်းခန့်စိုက်ပျိုးရကြောင်းနှင့် မျိုးစေ့ဖိုး၊ ထွန်ခ၊ ပေါင်းရှင်းခ၊ ဆေးဖိုးအပါအဝင် တစ်ဧကစိုက်ပျိုးစရိတ်ငွေကျပ် လေးသိန်းကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကကို ၁၂ တင်းခန့်ထွက်ရှိပြီး ရှစ်သောင်းကျပ်ဖြင့် ရောင်းချရသည့်အတွက် တောင်သူများအတွက် သီးနှံဝင်ငွေအမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ အထွက်နှုန်းကောင်းမွန်ရန်၊ ဈေးကောင်းပိုမိုရရှိရန် တောင်သူများက မျှော်လင့်လျက်ရှိကြောင်းနှင့် မြို့နယ်မှတာဝန်ရှိသူများအဖွဲ့ကလည်း ကျေးရွာများသို့ ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)