နတ်မောက်မြို့နယ် တောင်ထောင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နတ်မောက် ဒီဇင်ဘာ ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်ထောင့်ကျေးရွာအုပ်စု၊ တောင်ထောင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေအား ယနေ့ နံနက် ၈ နာရီ အချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးလင်းထွဋ်နှင့် ကျေးရွာတာဝန်ခံဝန်ထမ်းများသည် တောင်ထောင့်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊  အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ငွေစာရင်း ဖြည့်သွင်းထားရှိမှု ရှိ၊ မရှိ စာရင်းဇယားထိန်းသိမ်းမှု ရှိ၊ မရှိ ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်ထောင့်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၀၈) ဦးကို ငွေကျပ် (၃၉.၄) သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၆) ဦးကို ငွေကျပ် (၂.၀၀) သန်း၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ (၄) ဦးကို ငွေကျပ် (၁.၅) သန်း၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ (၁) ဦးကို  ငွေကျပ် (၀.၃) သန်း၊ စုစုပေါင်း အိမ်ထောင်စု (၁၁၉) စုအတွက် ငွေကျပ် (၄၃.၂) သန်း ထုတ်ချေးပေးထားကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးလင်းထွဋ်ထံမှ သိရသည်။

မူမူစန်း