ဝါးခယ်မ အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ( ၁၃ ) ကြိမ်မြောက် Exim Bank ချေးငွေနှင့် ပတ်သက်၍ အပြေအကြေပေးဆပ်ကြသော အခြေခံသမဝါယမ အသင်းများ၏ ဝင်ငွေနှင့် အသုံးစရိတ်များ ရရှိသုံးစွဲမှု ချပြရှင်းလင်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့် အညီ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် သမဝါယဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသက်က Exim Bank ချေးငွေနှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ မြို့နယ်သမဝါယမအသင်းအနေဖြင့် လက်ရှိဆောင်ရွက်ပေးနေမှုများ၊ အခြေခံသမဝါယမ အသင်းများအနေဖြင့် (၁၃) ကြိမ်မြောက် Exim Bank ချေးငွေနှင့် ပတ်သက်ပြီး အပြေအကြေပေးဆပ်ခဲ့မှုကို ကျေးဇူးတင်ရှိကြောင်း၊ ချေးငွေ ပေးဆပ်မှုနှင့် ပတ်သက်၍ အမှုဆောင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် ကြိုးပမ်းဆောင်ရွက်ခများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ် သမဝါယမ အသင်းစု ဥက္ကဋ္ဌ ဦး တင်ဝင်းက (၁၃) ကြိမ်မြောက် Exim Bank ချေးငွေနှင့် ပတ်သက်၍ ထုတ်ချေးပေးခဲ့မှု အခြေအနေများ၊ ပြန်လည်ပေးဆပ်ခဲ့မှု အခြေအနေများ၊ အခြေခံသမဝါယမ အသင်းများ၏ ဝင်ငွေရရှိမှု အခြေအနေများ၊ အသုံးစရိတ် ကျခံသုံးစွဲမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော မြို့နယ်အတွင်းရှိ အခြေခံသမဝါယမ အသင်းများမှ အမှုဆောင်များက သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြသည်။
ဝါးခယ်မမြို့နယ် သမဝါယမအသင်းစု၏ အသေးစားချေးငွေလုပ်ငန်းဖြစ်သည့် (၁၃) ကြိမ်မြောက် Exim Bank ချေးငွေကို (၁.၁.၂၀၂၀ မှ ၃၀.၆.၂၀၂၀) အထိ မြို့နယ်အတွင်းမှ အခြေခံစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းပေါင်း ၂၂၆ သင်း၊ အသင်းသားအနေဖြင့် ၁၄၂၀၆ ဦး အတွက် ချေးငွေကျပ် (၂၈၅၃၇ ဒသမ ၆၄၁၉၁ ) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း၊ အသင်းသားများအတွက် စုဆောင်ငွေအပေါ် အတိုးရငွေ ကျပ် (၁၀၅၁ ဒသမ ၇၄၀၃၄ ) သိန်း ရရှိကြောင်း၊ အမှုဆောင်များ၏ ကြိုးပမ်းဆောင်ရွက်ခ ကျပ် (၂၇၉ ဒသမ ၃၉ ) သိန်းကို တာဝန်ရှိသူများက အခြေခံသမဝါယမ အသင်းများမှ အမှုဆောင်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)