နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကျုံ‌ပျော်ခရိုင်၌ ပြုလုပ်သည့် (MSMEs) ဒေသထွက်ကုန်ပစ္စည်းများ ပြပွဲအားတက်ရောက် ကြည့်ရှုအားပေး၊ ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တောင်သူများနှင့် တွေ့ဆုံ

ပုသိမ် စက်တင်ဘာ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ကျုံ‌ပျော်ခရိုင်၌ ပြုလုပ်သည့် (MSMEs) ဒေသထွက်ကုန်ပစ္စည်းများပြပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ် အားကစားခန်းမတွင် ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် GBS ကုမ္ပဏီမှ ပြသထားသည့် စက်ပစ္စည်း အရောင်းပြခန်း၊ ကျုံပျော်မြို့နယ်မှ ပြသထားသည့် မြန်မာ့ပီလောပီနံနှင့် ပီလောပီနံ ကော်မှုန့်ပါဝင်သည့် လူသုံးကုန်၊ စားသောက်ကုန်၊ ပီလောပီနံပျော့ဖတ် တိရစ္ဆာန်အစာ၊ ပီလောပီနံမှ ထုတ်လုပ်သောသဘာဝမြေဩဇာ၊ ငှက်ပျောနှင့် ငှက်ပျောချည်ဖြင့် ပြုလုပ်သည့် လက်မှုထည်များ၊ ဒေသထွက်ထုတ်ကုန်များပြခန်း၊ ကျောင်းကုန်းမြို့နယ်မှ ပြသထားသည့် ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဆီထွက်ကုန်ပစ္စည်းများ၊ ဆန်နှင့်ထွက်ကုန်ပစ္စည်းများပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ ရေကြည်မြို့နယ်မှ ပြသထားသည့် ဒေသထွက်ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုပစ္စည်းများ၊ နုထွေးလက်ဖက်နှင့် ဂျင်းသုပ်လုပ်ငန်းမှ ထုတ်ကုန်ပစ္စည်းများ ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ဒေသထွက်ကုန်ပစ္စည်းများအား တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ တင်ပို့ရောင်းချနိုင်ရေး မှာကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ကျုံပျော်ခရိုင်အတွင်းရှိဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တောင်သူများနှင့်တွေ့ဆုံခဲ့ရာ ဉီးစွာ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျုံပျော်ခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က “ ယခုကဲ့သို့ ကျုံပျော်ခရိုင်အတွင်းမှ ဌာနဆိုင်ရာများ၊ ပြည်သူများ၊ တောင်သူများနှင့် တွေ့ဆုံခွင့်ရသည့်အတွက် ကျေးဇူးတင်ဝမ်းသာဂုဏ်ယူရပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဉီး နားလည်ရန်နှင့် တစ်ဦး၏အခက်အခဲကို တစ်ဦးကဖေးမကူညီရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့် မိမိတို့၏ နောင်လာနောင်သားများအား ကောင်းသည့်သမိုင်းကြောင်း မှတ်တမ်းများကို လက်ဆင့်ကမ်းပေးရန်လိုပါကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းမှ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊  ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူ ထုတ်ပြန်အတည်ပြုပြီးပါက  လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအား ကျင်းပမည်ဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်များ ရရှိလာမည်ဖြစ်ပါ‌ကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်သည့် နိုင်ငံဖြစ်သည်နှင့်အညီ တိုင်းပြည်အား စုပေါင်းခေါင်းဆောင်မှုဖြင့်သာ သွားရမည် ဖြစ်ပါကြောင်း၊ လူမျိုးတိုင်း ပါတီတိုင်းသည် နိုင်ငံတော်ကိုခေါင်းဆောင်သည့်အခါ ကိုယ်စီတာဝန်ယူ၍ စုပေါင်းခေါင်းဆောင်မှုဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းပြည်အပေါ်စေတနာရှိသည့် သဘောထား ပြည့်ဝသည့် ခေါင်းဆောင်များကို ရွေးချယ်နိုင်ရန်လိုအပ်ပါကြောင်း၊ နယ်မြေဒေသတစ်ခု အေးချမ်းတည်ငြိမ်မှုရှိသည့်အခါ နိုင်ငံတော်၏ ရည်မှန်းချက်များအား ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် အကောင်အထည်ဖော်ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့အား ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး  ကဏ္ဍစုံ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသားတိုင်း အနေဖြင့်လည်း ကိုယ်စီကိုယ်စီကိုယ့်တာဝန်ကျေပွန်၍ တိုင်းပြည်၏မျက်နှာ ပြည်သူ၏မျက်နှာကို ထောက်ထား၍ ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတစ်ဦး၏တာဝန်ကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း” လမ်းညွှန်အမှာစကား ပြောကြားသည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးများကိုလည်း အင်တိုင်အားတိုက် ဆောင်ရွက်နေသည့် တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်းနှင့် ကျေးလက်နေလူဦးရေအများဆုံးနေထိုင်သည့် တိုင်းလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ်ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပြီး ရေခံမြေခံကောင်းမွန်သည့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာတိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း၊ စနစ်သစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများအား တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးနှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများပူးပေါင်း၍ ပုသိမ် တက္ကသိုလ်၊ ဟင်္သာတ တက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့တွင် ဇုန်ကြီး(၃)ဇုန်ခွဲ၍ ပြုလုပ်ခဲ့ ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးလုပ်ငန်းများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရံပုံငွေဖြင့် ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိရာ ဌာနဆိုင်ရာများ၊ တောင်သူကြီးများက စိုက်ပျိုးရေးလုပ်ငန်းပိုမိုတိုးတက်အောင်မြင်စေရေးနှင့် စိုက်ပျိုးရေး စံပြတိုင်းဒေသကြီးဖြစ်စေရေး ဆောင်ရွက်ပေးကြရန်နှင့် ရည်မှန်းချက်များအား အောင်မြင်အောင် ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် နိုင်ငံစီးပွားမြှင့်တင်ရေးနွေစပါးစီမံကိန်း သွင်းအားစုများအား ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်များမှ တောင်သူများထံသို့ ပေးအပ်ခဲ့ပြီးနောက် ရေကြည်မြို့နယ်အတွင်းမှ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာအုပ်စုရှိ တောင်သူဦးကျော်သူရ၏ စိုက်ဧက(၈)ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်သော ပီလောပီနံ (RayRong-9)အမျိုးအစား၊ ဘောင်စနစ်ဖြင့်စိုက်ပျိုးသော ပီလောပီနံစံပြစိုက်ခင်းအား သွားရောက်ကြည့်ရှု အားပေးခဲ့ရာ ဒေသစိုက်မျိုး (ကိုင်းရှုတ်)မျိုးနှင့် (RayRong-9) အထွက်ကောင်းမျိုးအား ဘောင်စနစ်ဖြင့် ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှု၊ သက်တမ်းတို အထွက်ကောင်းမျိုးများဖြစ်သည့်  (RayRong-72) မျိုးများ စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများ၊ ၆လ သက်တမ်းရှိ(RayRong-72)၊ (RayRong-9) မျိုးစမ်းသပ်တူးဖော်၍ အထွက်တိုး ကောင်းမွန်မှုအခြေအနေများ၊ ကျုံပျော်မြို့နယ်အတွင်း ပီလောပီနံ စိုက်ပျိုးထားရှိမှုနှင့် ပီလောပီနံမှ ထွက်ရှိသည့် ကုန်ကြမ်း၊ ကုန်ချောများအား ပြည်တွင်းပြည်ပ တင်ပို့နိုင်ရေးဆောင်ရွက်နေမှု အခြေအနေများအား တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က  ပီလောပီနံအထွက်ကောင်းမျိုးများ၊ စိုက်ပျိုးရေးနည်းစနစ်များအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအသုံးပြုနိုင်စေရေးနှင့် မျိုးပွားဖြန့်ဝေဆောင်ရွက်ရန်၊ သီးထပ်စွမ်းအားများ တိုးတက်စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတိုအထွက်ကောင်းမျိုးများ တိုးတက်ထုတ်လုပ်စိုက်ပျိုးရန်နှင့် အောင်မြင်အောင် ဆောင်ရွက်စေရေးမှာကြားခဲ့သည်။ အဆိုပါ တောင်သူဦးကျော်သူရ၏ စိုက်ဧက(၈)ဧက၌(၆)လ သက်တမ်းရှိ ပီလောပီနံ (RayRong-72)၊ (RayRong-9) မျိုးစမ်းသပ်တူးဖော်ရာတွင် ( RayRong-72) မျိုးတစ်ပင်လျှင် ပိသာချိန် (၅)ပိဿာကျော်ထွက်ရှိပြီး (RayRong-9)မျိုးတစ်ပင်လျှင် ပိဿာချိန် (၆)ပိဿာကျော် ထွက်ရှိခဲ့ကာ တစ်ဧကပျမ်းမျှအထွက်နှုန်း ပိဿာချိန်တစ်သောင်းကျော် ထွက်ရှိကြောင်းသိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာအုပ်စုရှိ ပိုင်ရှင်ဦးအောင်မြင့်၏ တိုးတက်ကုမ္ပဏီရာဘာခြံသို့သွားရောက်၍  ရာဘာစိုက်ခြင်း၊ အစေးခြစ်ခြင်းနှင့် ရာဘာကုန်ကြမ်း ထုတ်လုပ်မှု အဆင့်ဆင့်တို့အားမေးမြန်းခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက ရာဘာစိုက်ပျိုး ထားရှိမှု၊ ရာဘာပြားများထုတ်လုပ်မှုနှင့် ရောင်းချနေမှု အခြေအနေများရှင်လင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က စိုက်ဧကများအပြည့်အဝ စိုက်ပျိုးစေနိုင်ရေး၊ ဖြစ်ထွန်းအောင်မြင် အောင်စိုက်ပျိုးရေး၊ ကုန်ကြမ်းအရည်အသွေးများပြည့်မီစေရေး၊  ကုန်ကြမ်းများမှကုန်ချော ထုတ်လုပ်နိုင်သည်အထိနည်းလမ်းများရှာဖွေ၍ ပူးပေါင်းဆောင်ရွက်ကြစေရေး၊ တန်ဖိုးမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်နှင့် မိမိတို့အနေဖြင့်လည်း လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ရာဘာစိုက်ပျိုးထားရှိမှု၊ အစေးခြစ် နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ရာဘာစေးများအား ခဲကန်အတွင်း ထည့်သွင်းခြင်း၊ ခဲကန်အတွင်းရှိ အပြားများအားကြိတ်ခြင်း၊ ရေစစ်ခြင်း၊ နေလှမ်းခြင်း၊ မှိုင်းခံခြင်းနှင့် မှိုင်းခံပြီးရာဘာပြားများအားထုတ်ပိုးခြင်းစသည့်ကုန်ကြမ်းထုတ်လုပ်မှုများအား ကြည့်ရှု စစ်ဆေးခဲ့သည်။ တိုးတက်ကုမ္ပဏီအနေဖြင့် ရာဘာစိုက်ဧက(၅၆၂)ဧက ကျော် စိုက်ပျိုးထားရာ (BPM 24) ရာဘာမျိုးအား အဓိကထားစိုက်ပျိုးထားရှိပြီး (RSS -1) အဆင့်ရာဘာပြားများအား ဆိုလာစနစ်အသုံးပြု၍ တစ်နေ့လျှင် (၁)တန်ခန့် ထုတ်လုပ်လျက်ရှိပြီး ရန်ကုန်ဈေးကွက် သို့ပို့ဆောင်လျက် ရှိကြောင်းသိရသည်။

 ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့်ဆောင်ရွက်သည့် ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်ရှိ “အောင်မိသားစု” သင်၊ ကြိမ်၊ ဝါး၊ ဗေဒါရိုးလက်မှုပစ္စည်း အရောင်းဆိုင်သို့ သွားရောက်၍  လူသုံးကုန်ပစ္စည်းအမျိုးမျိုး ရက်လုပ်နေမှုများကို ကြည့်ရှုအားပေးပြီး ကုန်ထုတ်လုပ်မှု၊ ရောင်းချရမှုအခြေအနေများ မေးမြန်းခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က “မိမိတို့တိုင်းဒေသကြီးမှ ထွက်ရှိသည့် MSMEsထုတ်ကုန်ပစ္စည်းများအား အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များကပါ သိရှိရန်နှင့် ပြည်တွင်းပြည်ပ ဈေးကွက်များအထိ ထိုးဖောက်နိုင်ရေး ဖော်ဆောင်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးမှ ထုတ်ကုန်ပစ္စည်းများသည် မိမိတို့တိုင်းမှထွက်ရှိသည့်ကုန်ကြမ်းများကို အခြေခံထုတ်လုပ်ရန်နှင့် ကုန်ကြမ်းများရရှိစေရေး ဆောင်ရွက်ပေးရန်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေ ထောက်ပံ့ဆောင်ရွက်ပေးထားသဖြင့် လုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများအား စနစ်တကျမှတ်တမ်းထားဆောင်ရွက်ရန်” မှာကြားခဲ့သည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရေကြည် မြို့နယ်၊ နွားရေတိုက်ကျေးရွာရှိ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး " ဓာတုကင်းလွတ် ရေကြည် ပေါ်ဆန်း"  ဧက (၂၀၀) စံပြစိုက်ခင်းအား သွားရောက်ကြည့်ရှု အားပေးခဲ့ရာ  တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့မှ ရေကြည်မြို့နယ်၊ မိုးစပါးစိုက်ပျိုးမှု အခြေအနေများအား လည်းကောင်း၊ နွားရေတိုက် ကျေးရွာတွင် ဓါတုကင်းလွတ် ပေါ်ဆန်း စိုက်ပျိုးမှုအခြေအနေများ အားလည်းကောင်း၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)၏ သုတေသနအရာရှိ (တာဝန်ခံ)မှ ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစိုက်ပျိုးမှု အခြေအနေများ၊ သဘာဝမြေသြဇာအသုံးပြု စိုက်ပျိုးမှု အခြေအနေများ၊ ပေါ်ဆန်းစပါး မျိုးကွဲများ၏ အထွက်နှင့်အထွက်နှုန်း မိတ်ဖက်လက္ခဏာများ အား သုတေသန ဆောင်ရွက်ချက် ရလဒ်များအားလည်းကောင်း၊ တောင်သူဦးကြည်ခိုင်စိုးမှ မြေဆွေး၊ နွားချေးမှုန့်၊ ဖွဲနု၊ ထုံး၊ ဒရိုင်ဂိုဒါးမား၊ ဟူးမားသဘာဝမြေဩဇာ တို့အားအချိုးကျရောစပ်၍ သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲမှု အခြေအနေများအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး " ဓာတုကင်းလွတ် ရေကြည် ပေါ်ဆန်း တစ်ဧကအထွက်နှုန်းစမ်းသပ်မှုအား ကြည့်ရုအားပေးခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က တောင်သူများ၊ ဌာနဆိုင်ရာများအား သဘာဝမြေဩဇာ အသုံးပြုမှုကြောင့် မြေဆီလွှာ ပြန်လည်ကောင်းမွန်လာမှု၊ ဆန်/ စပါးအရည်အသွေး တိုးတက်ကောင်းမွန်လာမှု အခြေအနေများ ဆွေးနွေးမေးမြန်းခဲ့ပြီး သဘာဝမြေဩဇာအသုံးပြု၍ ဓါတုကင်းလွတ် ပေါ်ဆန်းများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေး၊ ခေတ်မီနည်းပညာ အကူအညီများဖြင့် အနံ့အရသာနှင့် ပြည့်စုံသည့် အရည်အသွေးပြည့် ဆန်များထွက်ရှိစေရေး၊ သဘာဝ မြေဩဇာသုံးစွဲခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ အထွက်တိုးသည့် ပေါ်ဆန်းမျိုးစပါးများ ပြောင်းလဲ စိုက်ပျိုးစေရေးနှင့် စိုက်ပျိုးရေး သုတေသန၊ ထုတ်လုပ်ရေးသုတေသနနှင့် ဈေးကွက်သုတေသနလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး  ဓာတုကင်းလွတ် ရေကြည် ပေါ်ဆန်း စိုက်ပျိုးသည့်တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)