ပွင့်ဖြူ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက နိုဝင်ဘာလဆန်းပိုင်းကစပြီး စပါးရိတ်သိမ်းခြွေလှေ့စက်များဖြင့် လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ မိုးစပါးသီးနှံစိုက်ဧကသုံးသောင်းကျော် ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန် ရည်ရွယ်၍ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၆၉၉၄၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် စပါးသီးနှံများမှာ ဧရာမင်း၊ ရတနာတိုး၊ ပေါ်ဆန်းရင်၊ ချမ်းမြေ့မေ၊ ဆင်းသုခ၊ မနောသုခ၊ ပခန်းရွှေဝါ၊ သီးထပ်ရင်၊ ဧရာပဒေသာ စသည့် စပါးမျိုးများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။ ယခုအခါ မဲဇလီရေလွှဲဆည် ရေဖြင့်အားထားစိုက်ပျိုးခဲ့သည့် မိုးစပါးစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဆောင်းသီးနှံအချိန်မီ ပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် နိုဝင်ဘာလဆန်းပိုင်းကစပြီး ရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်း၍လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ယနေ့အထိ တစ်မြို့နယ်လုံး မိုးစပါးစိုက်ဧက ၃၁၂၄၆ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးသွားပြီဖြစ်ကြောင်း၊ စပါးအထွက်နှုန်းအနေဖြင့် တစ်ဧကပျမ်းမျှ စပါးတင်းရေ ၉၀ ကျော်အထိ ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်တွင် ဆည်ရေသောက်ဧရိယာ အများဆုံးဖြစ်သည့် မြို့နယ်တစ်ခုဖြစ်၍ နှစ်စဉ်နှစ်တိုင်း မကွေးတိုင်းဒေသကြီးအတွက် ဆန်စပါးထွက်ကုန် အများဆုံးစိုက်ပျိုးထုတ်လုပ်ပေးလျက်ရှိသည်။ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင်လည်း တစ်မြို့နယ်လုံး သတ်မှတ်လျာထားဧက ၆၉၉၄၃ ဧက တွင် မြေပြင် စိုက်ပျိုးနိုင်မှုဧက ၆၉၉၄၄ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စနစ်တကျစိုက်ပျိုးခဲ့၍ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး တစ်ဧက တင်း ၉၀ အထက်ထွက်ရှိကာ စပါးဈေးလည်း ယခင်နှစ်ထက် ဈေးပိုရ၍ ဒေသခံတောင်သူများ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)