ပွင့်ဖြူ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပညာရေးဌာနမှကြီးမှူး၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို (ထက်၊ လယ်၊ မူ) အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကိုကျင်းပရာ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၇ ဦး ၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၉ ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၈ ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂ ဦးတို့က အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရန်နှင့် မြန်မာစာပေအရေးအသားနှင့် စကားပြောစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြော စသည့်ပြိုင်ပွဲများကို စီစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရကာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)