မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးစပါးစံကွက်ရိတ်သိမ်းနေမှု၊ လယ်သီးထပ်တွင် ကုလားပဲသီးထပ်စိုက်ပျိုးနေမှု၊ ဝါစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုနှင့် ဥစားဘဲ မွေးမြူထားမှုအခြေအနေများအား ကြည့်ရှုကာ ဒေသခံတောင်သူ

မကွေး ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာတဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်များတွင် မိုးစပါးစံကွက်ရိတ်သိမ်းနေမှု၊ လယ်သီးထပ်တွင် ကုလားပဲသီးထပ်စိုက်ပျိုးနေမှု၊ ဝါစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများနှင့် ဥစားဘဲ မွေးမြူထားမှုအခြေအနေများကို ကြည့်ရှုကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ကွင်းအမှတ်(၉၈၃)ရှိ တောင်သူဦးနိုင်ဝင်း၏ မိုးစပါးစံပြကွက်ရိတ်သိမ်းနေမှု အခြေအနေကိုလည်းကောင်း၊ စလင်းမြို့နယ် လက်မဲကျေးရွာအုပ်စု၊ တောင်သူဦးခင်မောင်လွင်၏ ကွင်းအမှတ်(၅၉၆)ရှိ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုနှင့် ကုလားပဲသီးထပ်စိုက်ပျိုးနေမှုကိုလည်းကောင်း၊ စလင်းမြို့နယ် မကျီးပင်ဘုအုပ်စု၊ တောင်သူ ဒေါ်သန်းသန်း၏ ကွင်းအမှတ်(၅၇၃)ရှိ ကုလားပဲသီးထပ်စိုက်ပျိုးနေမှုကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများအား  မိမိတို့ဒေသအတွင်း သီးနှံများစိုက်ပျိုးရာတွင် တစ်နှစ်ကို သီးနှံသုံးသီးစိုက်ပျိုးနိုင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးသော သီးနှံများအားလုံး အထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးနှင့် သီးနှံအရည်အသွေး ကောင်းမွန်စေရေးတို့အတွက် မျိုးကောင်းမျိုးသန့်များကို စနစ်တကျရွေးချယ်သုံးစွဲပြီး စိုက်ပျိုးကြစေလိုကြောင်း၊ သီးနှံစိုက်ပျိုးရာတွင် ဒေသတွင်းလိုအပ်သော မျိုးကောင်း၊ မျိုးသန့်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒေသခံတောင်သူများက မိမိဒေသအတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်ချက်များ တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် စလင်းမြို့နယ် ကူတိုကျေးရွာနေ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ (၇)သန်းကျပ်ဖြင့်  မွေးမြူထားရှိသည့် ဥစားဘဲမွေးမြူရေးခြံသို့ ရောက်ရှိခဲ့ပြီး ခြံပိုင်ရှင်ဦးကျော်မင်းသူက ဥစားဘဲ မွေးမြူထားရှိမှုအခြေအနေနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ထိုမှတဆင့် အင်ကြင်းပင်လှကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၄၇)ရှိ တောင်သူများစိုက်ပျိုးထားသည့် ဝါစံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)