ပေါက် အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများအား ယနေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ဖြန့်ချိပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ ဖြန့်ချိပို့ဆောင်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ၊ လုံခြုံရေး တာဝန်ကျရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများအထိ မော်တော်ယာဉ်များဖြင့် အဖွဲ့(၃)ဖွဲ့ခွဲပြီး သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။
ပေါက်မြို့နယ်တွင် မဲရုံပေါင်း (၂၁၃) ရုံရှိပြီး ၊ ကျေးရွာအုပ်စု(၇၅)အုပ်စုရှိရာ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျေးရွာအုပ်စု (၄၆)အုပ်စုသို့ ဖြန့်ချိပို့ဆောင်ပေးသွားမည်ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကျန်ကျေးရွာအုပ်စု (၂၉) အုပ်စုသို့ ဆက်လက်ဖြန့်ချိပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဥမ္မာကျော်(ပြန်/ဆက်)