မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များ အား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေး

ဂန့်ဂေါ အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့အဝင် ဂေါက်ကွင်းစစ်ဆေးရေးဂိတ်၌ ယနေ့နံနက်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ယနေ့နံနက်ပိုင်းအထိ ဂန့်ဂေါမြို့သို့ ဖြတ်သန်းသွားလာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၀)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ချက်ချင်း သိနိုင်ရန် RTD နည်းအရ Test Kit ဖြင့် ချက်ချင်းစစ်ဆေးခဲ့ပြီးဖြစ်ကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တွေ့ရှိခြင်းမရှိကြောင်း ဂန့်ဂေါခရိုင် ကျန်းမာရေးဦးစီးဌာန ကျန်းမာ ရေးမှူး ဦးမျိုးဝင်း ၏ ပြောပြချက်အရ သိရသည်။

ဂန့်ဂေါတွင် အဆိုပါဂိတ်အပြင် မြို့ဝင်စစ်ဆေးရေးဂိတ်၊ ဂန့်ဂေါ - ဟားခါး ကားလမ်း၊ ပုလဲ- ဂန့်ဂေါ ကားလမ်း၊ ထီးလင်း - ဂန့်ဂေါ ကားလမ်းဆုံဂိတ်တွင်လည်း ဖြတ်သန်းမောင်းနှင်သည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းများ၊ ယာဉ်နောက် လိုက်များကို စစ်ဆေးလျက်ရှိသည်။ ထို့အပြင် မြောက်ကုန်းရပ်ကွက် ပူးပေါင်း စစ်ဆေးရေးဂိတ်၊ အခြားမြို့များမှ ဝင်လာသူများအား ဂန့်ဂေါ-ထီးလင်းကားလမ်းနှင့် မတူပီမြို့နယ် အိုက်ကား-ဂန့်ဂေါ လမ်းဆုံဖြစ်သည့် အောင်မြင် ရွာတို့တွင် ဂိတ်များ ဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက် လျက်ရှိသည့်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့် တာဝန်ရှိသူများ ကွင်းဆင်းလျက် လုံခြုံရေးစစ်ဆေးလျက် ရှိကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)