သဲကုန်းမြို့နယ်၌ ယာယီဆေးရုံဖွင့်လှစ်ထားသည့် မြို့နယ်ခန်းမ ကိုဗစ်-၁၉ ကုသရေးယာယီဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုပေး

သဲကုန်း အောက်တိုဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ယာယီဆေးရုံဖွင့်လှစ်ထားသည့် မြို့နယ်ခန်းမတွင် ထားရှိသည့် ကိုဗစ်အတည်ပြုလူနာများအား ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ လိုအပ်သည်များကို စစ်ဆေးပေးခဲ့ရာ ကျန်းမာရေးအထူး ကောင်းမွန်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယာယီဆေးကုသရေးစင်တာ၌ နေထိုင်စဉ်လိုက်နာရမည့် စည်းကမ်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့်အခြေအနေ၊ ပရဟိတအသင်းများ၏ စားဝတ်နေရေးအတွက် ထောက်ပံ့ဆောင်ရွက်ပေးမှု၊ လုံခြုံရေးဆောင်ရွက်ထားရှိမှု အနေအထား၊ တစ်ကိုယ်ရေကျန်းမာရေးနှင့် သန့်ရှင်းရေးအရေးကြီးပုံများအား မြို့နယ်ဆရာဝန် ကိုယ်တိုင်နှင့် တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများက အသေးစိတ် ရှင်းလင်းပေးခဲ့ပြီး ကိုဗစ်အတည်ပြုလူနာများ၏ လိုအပ်ချက်အချို့ တင်ပြလာမှုအပေါ်တွင် လည်း မြို့နယ်ဆရာဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် မြို့နယ်ဆေးရုံသီးခြားဆောင်တွင် ကိုဗစ်အတည်ပြုလူနာ(၉) ဦးနှင့် မြို့နယ်ခန်းမ ယာယီ ဆေးရုံတွင်(၁၅) ဦး၊ စုစုပေါင်း(၂၄)ဦး ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။
နိုင်လင်း (သဲကုန်းပြန်/ဆက်)