မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင် ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာတွင် ကောက်ရိုးထုံး စက်ကိရိယာ (Round Baler) နှင့် ရိုးဖြတ်ရိတ်စက်ကိရိယာ Mower (Rotary Mulcher) တောင်သူပညာပေးသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ပွင့်ဖြူ ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်သည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့် တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဒီဇင်ဘာ (၁၇) ရက်၊ ယနေ့နံနက် (၈) နာရီ (၄၀) မိနစ်အချိန်က ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးထားရှိသော လယ်လှကုန်းကျေးရွာ ကွင်းအမှတ် (၉၈၃) ရှိ တောင်သူဦးနိုင်ဝင်း၏ မိုးစပါးအထွက်တိုး စံပြကွက်တွင် ပြုလုပ်သည့် ကောက်ရိုးထုံးစက်ကိရိယာ (Round Baler) နှင့် ရိုးဖြတ်ရိတ်စက်ကိရိယာ Mower (Rotary Mulcher) တောင်သူပညာပေး သရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကာ ဒေသခံတောင်သူများအား စိုက်ပျိုးစွမ်းအားကဏ္ဍ မြှင့်တင်နိုင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ တောင်သူဦးနိုင်ဝင်း၏ ကွင်းအမှတ် (၉၈၃) မိုးစပါးအထွက်တိုးစိုက်ခင်း (၁၀) ဧကတွင် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်ရိုးထုံးစက်ကိရိယာ (Round Baler) နှင့် ရိုးဖြတ်ရိတ်စက်ကိရိယာ Mower (Rotary Mulcher) တောင်သူပညာပေးသရုပ်ပြပွဲအား တက်ရောက်ပြီး ဒေသခံတောင်သူများကို တွေ့ဆုံ၍ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာ၌ တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိအောင် ကြိုးပမ်းစိုက်ပျိုးကြစေလိုကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန်နှင့် မျိုးကောင်းမျိုးသန့် မျိုးစေ့များကိုလည်း စနစ်တကျထုတ်လုပ်ပြီး ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေးကိုအခြေခံ၍ နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးစွမ်းမြှင့်တင်ရေးကဏ္ဍကို အားပေးလုပ်ဆောင်လျက် ရှိကြောင်း၊  မိမိတို့ဒေသသည် စိုက်ပျိုးရေနှင့် စိုက်ပျိုးမြေကောင်းမွန်သည့် ဒေသဖြစ်၍ ဆန်စပါးအပြင် အခြားသော ဆီထွက်သီးနှံများကိုလဲ ပန်းတိုင်အထွက်နှုန်းများရရှိအောင် ကြိုးပမ်းစိုက်ပျိုးကြစေလိုကြောင်း၊ ယခု ဆောင်းသီးနှံ စိုက်ပျိုးရာသီချိန်တွင် သီးနှံအလိုက် လျာထားဧက ပြည့်မီအောင် စိုက်ပျိုးကြစေလိုကြောင်းနှင့် တောင်သူများ သီးနှံစိုက်ပျိုးရာ၌ အခက်အခဲမဖြစ်စေရေး လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများမှ ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာရှိ တောင်သူဦးနိုင်ဝင်း၏ ကွင်းအမှတ် (၉၈၃) တွင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးထားရှိသော ဧရာမင်း မိုးစပါးအထွက်တိုး စံပြကွက် (၁၀) ဧကအား စက်မှုလယ်ယာဦးစီးဌာနမှ ကောက်ရိုးထုံးစက်ကိရိယာ (Round Baler) နှင့် ရိုးဖြတ်ရိတ် စက်ကိရိယာ Mower (Rotary Mulcher) လယ်ယာသုံးစက်ကိရိယာဖြင့် မိုးစပါးရိတ်သိမ်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးထားရှိသော ဧရာမင်း မိုးစပါးအထွက်တိုး စံပြကွက်အား စံကွက်ရိတ်သိမ်းရာတွင် အထွက်နှုန်းတစ်ဧက ပျမ်းမျှအစိုတင်း (၁၁၃) ဒသမ (၂၈) တင်းနှင့် အခြောက်တင်း (၁၀၁) ဒသမ (၉၅) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်အတွက် တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက (၆၉၉၄၃) ဧက လျာထားစိုက်ပျိုးခဲ့ရာတွင် (၆၉၉၄၄) ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှု ရှိကြောင်းနှင့် ယနေ့အထိ မိုးစပါးရိတ်သိမ်းပြီး ဧက (၃၁၂၄၆) ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။   လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)