ပွင့်ဖြူမြို့နယ်၌ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ် ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင် (၈) ဆိုင်အား သွားရောက်ကာ စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော  စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများအဖွဲ့က စားသောက်ကုန်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် ကုန်စုံဆိုင်များတွင် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)