ငဖဲ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက် စည်ပင်ကွက်သစ်ရပ် မြို့အဝင် ကားလမ်းဘေးတွင်နေထိုင်ပြီး ဆောင်းတွင်းရာသီစာအဖြစ် ကောက်ညှင်းကျည်တောက်(ခ)တင်းဝါးများကို မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်ရောင်းချရာ ရောင်းအားကောင်း၍ စီးပွားရေးအဆင်ပြေနေကြောင်း သိရသည်။
တင်းဝါးကို ပုသိမ်ကောက်ညှင်းဆန်အမျိုးအစားကိုသုံးပြီး တစ်ညရေစိမ်ထားရကြောင်း၊ စိမ်ပြီးသား ကောက်ညှင်းဆန်များကို ပိုင်းဖြတ်ပြီးသား တင်းဝါးအတွင်းထည့်၍ ရေနွေးထည့်ပြီး ငှက်ပျောရွက်များဖြင့် ပိတ်ဆို့၍ နာရီဝက်ခန့်မီးဖုတ်ရကြောင်း၊ မီးဖုတ်ပြီးသားတင်းဝါးများကို ဓားဖြင့်အပေါ်ယံအခွံခွာပြီး ရောင်းချရ ကြောင်းသိရသည်။
“ကောက်ညှင်းကျည်တောက်(ခ)တင်းဝါးကို လုပ်ကိုင်ရောင်းချလာတာ (၇) နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် တင်းဝါးရရှိချိန်မှ တပို့တွဲလအထိရောင်းချရကြောင်း၊ တစ်နေ့လျှင် ရောင်းအားပေါ်မူတည်၍ ကောက်ညှင်းဆန် (၁၅) ပြည်နှုန်း ပုံမှန်လုပ်ကိုင်ရပြီး မှာယူသူများရှိပါက ပိုမို၍လုပ်ကိုင်ရောင်းချရကြောင်း၊ ပုသိမ်ကောက်ညှင်းဆန် တစ်ပြည်လျှင် ငွေကျပ် (၅၅၀၀) နှုန်းပေးဝယ်ရပြီး မန်းချောင်းရေလှောင်တမံဆည် အနောက်ဘက်တောထဲမှ ခုတ်ယူရရှိသော တင်းဝါးများကို ဝါးတစ်လုံးလျှင် ငွေကျပ် (၁၅၀၀) ပေးဝယ်ရကြောင်း၊ အဆိုပါဝါးတစ်လုံးကို တစ်ဆစ်စီပိုင်းဖြတ်ပါက ၇ပိုင်းခန့်ရရှိကြောင်း၊ မီးဖုတ်ပြီးသားတင်းဝါး တစ်လုံးလျှင် အကြီးအသေးပေါ်မူတည်၍ ငွေကျပ် (၁၀၀၀) မှ (၁၅၀၀) ထိ ရောင်းချရပြီး ဆောင်းတွင်းရာသီစာအဖြစ် တင်းဝါးများကို မိမိနေအိမ်မှာပဲလုပ်ကိုင်ရောင်းချပြီး စားသုံးသူများနှင့် လက်ဆောင်ပေးရန် လာရောက်ဝယ်ယူကြရာ နေ့စဉ်ပုံမှန်ရောင်းချရ၍ တစ်နေ့လျှင် ငွေကျပ် (၁၅၀၀၀) မှ (၂၀၀၀၀) ထိ အမြတ်ငွေရရှိလို့ မိသားစုစီးပွားရေး အဆင်ပြေနေကြောင်း” တင်းဝါးလုပ်ကိုင် ရောင်းချသူ ဦးကြီးညိုက ပြောကြားသည်။
မယု(ငဖဲ)