မြို့သစ် ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးခဲ့သော မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက မင်းရပ်ကွက်၊ ကွင်းအမှတ် (၂၆၀၈.ခ)၊ ဦးပိုင် (၉၃.၁) တောင်သူဦးအေးထွန်း၏ စိုက်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါမိုးစပါးစံကွက် ရိတ်သိမ်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာစိုက်ပျိုး၊ ရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ တောင်သူများ ပူးပေါင်း၍ မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ မိုးစပါးစံကွက် တစ်ဧကလျှင် အစိုထွက် (၁၁၁.၅၇) တင်း၊ အခြောက်ထွက်မှာ တစ်ဧကလျှင် (၁၀၀.၄) တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့သစ်မြို့နယ်တွင် မိုးစပါးအများဆုံး စိုက်ပျိုးသည့် ဧရာမင်းစပါး၊ ရတနာတိုးစပါး ၊မနောသုခစပါး၊ ဆင်းသုခစပါးနှင့် ဆာဖိုးသာစပါးမျိုးကို အဓိကစိုက်ပျိုးထားရှိပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စံကွက်ရိတ်သိမ်းသွားမည် ဖြစ်သည်။
စပါးစိုက်ခင်းများ ရိတ်သိမ်းပြီးပါက ဆောင်းသီးနှံများဖြစ်သည့် ဆောင်းနေကြာ၊ ကုလားပဲနှင့် နဇင့်သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) သီးနှံများ ဆက်လက်စိုက်ပျိုးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တောင်သူများအား ဆွေးနွေးပြောကြားခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရ။
သန်းဝင်းထွန်း (မြို့သစ်)