ပွင့်ဖြူ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက် ဒေသခံ တောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ နေကြာသီးနှံများကို ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ နေကြာသီးနှံ (၉၈၆၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် တစ်မြို့နယ်လုံး နေကြာသီးနှံ (၁၂၈၀၅) ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်အတွက် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ပြီး ယနေ့အထိ (၉၈၆၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပြီးတော့ နေကြာသီးနှံ စိုက်ပျိုးရေးကို တစ်မြို့နယ်လုံး ဧက တစ်သောင်းကျော် လျာထားစိုက်ပျိုးသွားမှာဖြစ်ကာ ယနေ့အထိ ဧက ကိုးထောင်ကျော် စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ နေကြာသီးနှံက စိုက်ပျိုးစရိတ်လဲ အကုန်အကျသက်သာပြီး ဈေးကွက်လဲရှိတာကြောင့် ဒေသခံတောင်သူတွေက နှစ်စဉ် မိုးရာသီနဲ့ ဆောင်းရာသီမှာ အားထားစိုက်ပျိုးလုပ်ကိုင်ကြတယ်။ နေကြာသီးနှံ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဒေသခံတောင်သူတွေ အခက်အခဲမဖြစ်အောင် စိုက်ပျိုးနည်းစနစ်တွေ၊ သွင်းအားစုပစ္စည်း အချိုးကျမှန်ကန်စွာ သုံးစွဲနည်းနဲ့ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်အောင် ကူညီပံ့ပိုးဆောင်ရွက်ပေးထားပါတယ်။ နောက်ပြီး နေကြာသီးနှံကို တစ်ဧက ပန်းတိုင်အထွက်နှုန်း တိုးတက် ကောင်းမွန်စေဖို့အတွက် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနဲ့ ရိတ်သိမ်းချိန်လွန် နည်းပညာများကိုလည်း အသိပညာပေး ခြင်းများကို ကြိုးပမ်း ဆောင်ရွက်နေပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် ပြည်တွင်းစားသုံးဆီ လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နေကြာ (၁၂၈၀၅) ဧက၊ မြေပဲ (၂၉၃၀) ဧက၊ နှမ်း (၆၅၀၀) ဧက၊ ပန်းနှမ်း (၁၂၀) ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ (၂၂၃၅၅) ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကာ ယနေ့အထိ နေကြာ (၉၈၆၅) ဧက၊ မြေပဲ (၂၉၃၈) ဧက၊ နှမ်း (၁၅၇၄၂) ဧက၊ ပန်းနှမ်း (၁၂၁) ဧက၊ စုစုပေါင်း ဆီထွက်သီးနှံ (၂၈၆၆၆) ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)