မုံရွာ ဒီဇင်ဘာ ၁၇
ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် သစ်ပင်ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပညာသင်ကြား နိုင်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အမှတ်(၂၅) အခြေခံပညာအလယ်တန်း ကျောင်းဝန်းအတွင်း တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင် သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမူရေးအသင်း အဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၇ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၂၀၀၀ ကျော် ဖြင့် အခြေခံပညာကျောင်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ သာသနာ့ဇောတိက မြို့မကျောင်း ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ခေါင်ခမ်း ကျေးရွာတွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရွှေတောင်တန်း လက်ဘက်စို၊ လက်ဘက်ခြောက်လုပ်ငန်းသို့ ရောက်ရှိရာ လုပ်ငန်းရှင်များမှ လက်ဖက် ပေါင်းချောင်၊ လက်ဖက်နယ်စင်၊ လက်ဖက်ရွက်စိမ်းလှော်၊ လက်ဖက်လှော်စက်၊ လက်ဖက်စို ဖိစက်နှင့် ကုန်ချောလက်ဖက်စို၊ လက်ဖက်ခြောက်များ ဈေးကွက်အတွင်း ရောင်းချရန်ထုတ် ပိုးထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ့်ပင အသေးစား ရေအားလျှပ်စစ် စီမံကိန်းပြီးစီးပါက ရရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူပေးရန် အတွက် 33/11 KV 10 MVA ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိရာ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူးမှ ဓာတ်အားခွဲရုံနှင့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)