သရက်မြို့၌ စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ

သရက် ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲနှင့် Youth Club အဖွဲ့တို့ ပူးပေါင်း၍ ဆရာမောင်ခင်မင် (ဓနုဖြူ) ရေးသားသည့်  အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက် အား ပြောကြားရာတွင် ဒေသခံစာရေးဆရာ ကလောင်သွားထက်မြက်စေရန်၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း စာအုပ်တစ်အုပ် ကို အတူတူ ဖတ်ရှုပြီး ဆွေးနွေးရာမှ အတွေခေါ်ကောင်းများ ပေါ်ထွန်းလာစေရန်နှင့် မျိုးဆက်သစ်လူငယ်များ စာပေဖတ်ရှု့ တကတ်သည့် အလေ့အကျင့် ကောင်းများ ရရှိလာပြီး အမှားအမှန် ဝေဖန်ပိုင်းခြားတတ်သည့် လူတော်လူကောင်းများ ဖြစ်လာစေရန် ပြောကြားပေးခဲ့ပြီး Book Club အဖွဲ့ဝင် များနှင့် Youth Club အဖွဲ့ဝင်များ ခေါင်းစဉ်အလိုက် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ Youth Club ဥက္ကဋ္ဌ ဦးထွန်းနိုင်ဦးက ပညာတတ်ဖို့ စာဖတ်ရမည် ခေါင်းစဉ်၊ Book Club အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမြင့်ဆွေက “နောက်တစ်ချက်ထပ်ရိုက်ပါ”၊ မောင်မင်းသိမ်း(သရက်)က “ဆရာကန်တော့ပွဲမှအပြန်”၊ ဒေါ်ခင်ခင်ဝင်းက “အမွေးခံသူတစ်ယောက် အမွေပေးသူ တစ်ရာ”၊ ဒေါ်ဖြူဖြူဟန်က “သိင်္ဂါလောဝါဒ သုတ်လာမိတ်ဆွေဝတ်” ခေါင်းစဉ်တို့ဖြင့် အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဉက္ကဋ္ဌက ဦးအောင်ကျော်စိုးက စာအုပ်တစ်အုပ်ကို ဖတ်ရှုပြိးတိုင်း နှလုံးသားနှင့် မှတ်သားရမည့် အချက်၊ ဦးနှောက်နှင့် မှတ်သားရမည့် အချက်ဟု ခွဲခြားမှတ်သားပြီး မိမိဘဝတိုးတက်အောင် လေ့လာရမည်ဟု ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။                  

ဇော်ထက်(သရက်)