ပွင့်ဖြူမြို့နယ်၌ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ပွင့်ဖြူ ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း ဒေသခံပြည်သူများ  မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်၏ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့ပေါ်ရှိ ရပ်ကွက်(၄)ရပ်ကွက်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိသော ရေလှောင်ကန်များတွင် ဌာနမီးသတ်ရေသယ်ယာာဉ်ဖြင့် ရေများဖြည့်တင်းခြင်း၊ ရပ်ကွက်နေပြည်သူများ မီးဘေးသတိမူစေရေးအတွက် သိရှိလိုက်နာရမည့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးနှိုးဆော်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် နှစ်စဉ်ပွင့်လင်းရာသီကာလ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှုဖြစ်ပွားခြင်းများ လျော့နည်းစေရန်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းပြီး မီးဘေးကြိုတင်ကာကွယ်ရေးအသိပေး၊ သတိပေးခြင်း ၊ တစ်အိမ်တက်ဆင်းသွားရောက်ပြီး မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေးခြင်း၊ အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ပစ္စည်းများဖြင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းတို့ကို အရှိန်အဟုန်မြှင့် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က ပြောပြ၍သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )