မြိတ် ဒီဇင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(၁)ကျောင်းတွင် ကျင်းပခဲ့သည်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို “မိုးသို့လွင်ပျံ လွတ်လပ်ရေးရဲ့အသံ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို “လွတ်လပ်ရေးအမွေထိန်းစို့လေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲကို “ထိန်းသိမ်းစောင့်ရှောက်ကြရမည့်လွတ်လပ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ကျင်းပခဲ့ခြင်းဖြစ်သည်။
အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်(၁၅)ဦးနှင့် ကဗျာပြိုင်ပွဲတွင်(၁၁)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၁၉)ဦး၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၂၁)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား/သူများ ယှဉ်ပြိုင်နေမှုအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ကျပန်းစကားပြောပြိုင်ပွဲကို ပညာ့ဗိမာန်ခန်းမတွင်ကျင်းပရာ မြို့နယ်ပညာရေးမှူးဦးကျော်ရှိန်က အဖွင့်အမှာစကားပြောကြားပြီး အထက်တန်းကျောင်းများမှ ကျောင်းသား/သူ(၉)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိကြမည့် ကျောင်းသား/သူများကို (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )