မကွေး ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ဒီဇင်ဘာအားကစားလ (တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကိ ယနေ့နံနက် ၅ နာရီခွဲက ကန်သာမင်္ဂလာကန်တော်၌ ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယအဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တာလွှတ်စင်မြင့်ထက်တွင် နေရာယူကာ စုပေါင်းလမ်းလျှောက်ပွဲကို သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကန်သာမင်္ဂလာကန်တော် အတွင်း/အပြင်လျှောက်လမ်းတွင် စုပေါင်းလမ်းလျှောက်ကြပြီး အဆိုပါကန်တော်ရှေ့တွင် စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ် အတွဲ (၁) နှင့် (၂) တို့ကို ဆောင်ရွက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်းလျှောက်သူများအား စားသောက်ဖွယ်ရာများနှင့်ရေသန့်ဘူးများ ဖြန့်ဝေပေးခဲ့သည်။
စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား တစ်သောင်းခွဲကျော်ဖြင့်လည်းကောင်း၊ အလားတူ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ယနေ့နံနက်ပိုင်းက ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ အင်အားနှစ်သောင်းခွဲဖြင့်လည်းကောင်း အသီးသီးပါဝင်ဆင်နွှဲခဲ့ကြသဖြင့် တိုင်းဒေသကြီးတစ်ခုလုံးတွင် စုစုပေါင်းအင်အား သုံးသောင်းခွဲကျော် တစ်ပြိုင်တည်း ပါဝင်ဆင်နွဲခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအနေဖြင့် ဒီဇင်ဘာအားကစားလတွင် စက်ဘီးစီးနင်းပွဲ၊ Fitness Dance ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ဂိုးသွင်းပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲနှင့် မြန်မားရိုးရာကစားနည်း ပြိုင်ပွဲများကိုလည်း ခရိုင်အားကစားကွင်းတွင် ကျင်းပပေးလျက်ရှိကြောင်းသိရသည်။
အောင်ကို (ပြန်/ဆက်)