စလင်းမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

စလင်း ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အဆင့် (၇၆) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူကလေးများက ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲအား ​အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်၍ ကျောင်းသား၊ ကျောင်းသူကလေးများ ဘက်စုံဖွံဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ မောင်မယ်ကလေးများ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်နှင့် နိုင်ငံနှင့်လူမျိုး ကိုးကွယ်သည့် ဘာသာသာသနာနှင့် ယဥ်ကျေးမှုအမွေအနှစ်တို့ကို တန်ဖိုးထားပြီး လွတ်လပ်ရေး၏ အနှစ်သာရကို သိမြင်တန်ဖိုးထားတတ်ကြစေရန် ရည်ရွယ်၍ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် စလင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ ငါးသန်ခေါင်း Grade-11 ကျောင်းသူ မရွှန်းလဲ့ဝေက ဘွတ်လပ်ရေးတည်တံ့ခိုင်မြဲဖို့ တိုင်းရင်းသားအားလုံးစည်းလုံးစို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း Grade-11 ကျောင်းသူ မဇင်ခန့်ဖြူမှ လွတ်လပ်ရေးတန်ဖိုးချစ်မြတ်နိုး၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း Grade-11 ကျောင်းသူ မရတီဆောင်းက လွတ်လပ်ရေးတန်ဖိုး ချစ်မြတ်နိုး ခေါင်းစဥ်ဖြင့်ပါဝင် ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

(မောင်လွင်)စလင်း