မင်းဘူးမြို့၌ စုပေါင်းဈေးရောင်းပွဲတော် ကျင်းပ

မင်းဘူး ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ နယ်လှည့်ဈေးရောင်းချသူများအဖွဲ့က ဦးဆောင်ပြီး လူသုံးကုန်ပစ္စည်းပြပွဲနှင့် စုပေါင်းဈေးရောင်းပွဲတော်ကို ယမန်နေ့ ညနေပိုင်းမှ စတင်ပြီး မင်းဘူးမြို့ အမှတ် (၄) ရပ်ကွက်ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် အင်္ကျီ၊ အဝတ်အထည်၊ ဦးထုပ်၊ ဖိနပ်စသည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ မီးဖိုချောင်အိမ်သုံးပစ္စည်းအမျိုးမျိုး၊ ကလေးကစားစရာ အရုပ်ပစ္စည်းအမျိုးမျိုးနှင့် လက်ဆောင် ပစ္စည်းအမျိုးမျိုးတို့ကို နယ်လှည့်ဈေးရောင်းချသည့် ဈေးသည်များ၏ စားဝတ်နေရေးအရ ခွင့်ပြုရောင်းချပေးရခြင်းဖြစ်ကြောင်း၊ ဈေးရောင်ပွဲတော် ပထမနေ့တွင် လာရောက်လည်ပတ်သူများဖြင့် စည်းကားပြီး စားသောက်ဆိုင်တန်းများ၊ အညာဒေသ ရိုးရာမုန့်မျိုးစုံဆိုင်တန်းများနှင့် ကလေးကစားကွင်းများလည်း ပါဝင်ကာ မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း၊ အဆိုပါဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်နေ့အထိ (နေ့စဉ် ညနေ ၅ နာရီမှ ည ၉ နာရီခွဲအချိန်ထိ) (၇) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)