မန်းရွှေစက်တော်ဘုရားပွဲတော်ကာလ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ဖွင့်လှစ်သွားမည်

မင်းဘူး ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားပွဲတော်နှင့်အတူ တစ်ဆက် တည်း ဖွင့်လှစ်သွားမည်ကြောင်း မင်းဘူးသစ်ထုတ်ရေးဒေသတာဝန်ခံ ခရိုင်မန်နေဂျာ ဦးဇော်ဝင်းနိုင်ထံမှ သိရသည်။

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ သဘာဝတောတောင်ရေမြေနှင့် စိမ်းစိုသာယာလှပသော သဘာဝရှုခင်းအလှများကို အခြေခံ၍ မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်စေရန်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ် ထားကြောင်း သိရသည်။

“ဆင်စခန်းကိုတော့ ယခုလက်ရှိမှာလည်း အဆက်မပြတ် ဖွင့်လှစ်ထားပြီးတော့ လာရောက်အပန်းဖြေ လည်ပတ်တဲ့သူတွေကို ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအားလုံး ဆောင်ရွက်ပေးနိုင်ဖို့၊ ခရီးတို ဆင်စီးရင် တောတောင်ရေမြေနဲ့ စိမ်းစိုသာယာလှပတဲ့ သဘာဝရှုခင်းအလှတွေကို ကြည့်ရှုခံစားနိုင်စေဖို့နဲ့ မန်းချောင်းဘေးဆင်များနှင့်အတူ ရေချိုးရင်း အပန်းဖြေအနားယူနိုင်စေဖို့အတွက် ယာယီတံတား၊ တည်းကျောင်းနဲ့ အလှဆင်တာတွေကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စတင်ဆောင်ရွက် နေပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆင်လိမ်မာလေးတွေနဲ့အတူ ကပြ(အလှပြ)ဖျော်ဖြေ ဧည့်ခံတဲ့အစီအစဉ် (Elephant Show)ကို ထည့်သွင်းဆောင်ရွက်နိုင်ခဲ့ပြီးတော့ ဆင်စခန်းလာရောက်လည်ပတ်သူတွေက အဲဒီ အစီအစဉ်ကို အရမ်းသဘောကျ နှစ်သက်တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီနှစ်မှာလည်း ဆင်ကလေး တွေနဲ့အတူ ထူးခြားတဲ့  ဧည့်ခံဖျော်‌ဖြေတင်ဆက်မှုတွေအပြင် (Elephant Show) ပွဲကြည့်စင် အသစ်ကို ဆောက်လုပ်နေပါတယ်။ ထူးထူးခြားခြားအနေနဲ့ ဆင်အရိုးစုတွေ၊ ဆင်နဲ့ ပတ်သက်တာတွေကို ဆုဆောင်းပြီးတော့ ဆင်ပြတိုက်အဖြစ် ထည့်သွင်းပြီး ခင်းကျင်းပြသနိုင်ဖို့နဲ့ ဆင်စခန်းကို လာရောက်လည်ပတ်ရင်း အပန်းဖြေအနားယူချင်စဖွယ်ဖြစ်အောင် အဆင့်မြှင့်တင်ပြီး ပြင်ဆင်ဆောင်ရွက်နေပါတယ်”ဟု ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင်က ပြောသည်။

အဆိုပါ ဆင်စခန်းကို ဖွင့်လှစ်ချိန်အဖြစ် နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာချိန်ထိ သတ်မှတ် ထားကြောင်း၊ ဆင်ထီး(၅)ကောင်၊ ဆင်မ (၇)ကောင်၊ စုစုပေါင်း ဆင်(၁၂)ကောင်ရှိပြီး ပြည်တွင်း ခရီးသွားတစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ၁၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၅၀၀၀ ကျပ်နှုန်း၊ ပြည်ပ နိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ၁၀၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၁၀၀၀၀ ကျပ်နှုန်း၊ တည်းခို ဆောင်အနေဖြင့် VIP တည်းခိုဆောင်နှစ်လုံးနှင့် ဘန်ဂလို(၁၁)လုံးရှိပြီး ဘန်ဂလိုတည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၃၀၀၀၀ ကျပ်နှုန်းနှင့် VIP တည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ၅၀၀၀၀ ကျပ်နှုန်းတို့ဖြင့် အသီးသီးသတ်မှတ်ထားကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း အပါအဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ် ရေးဌာန၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်း Elephant Conservation Based Tourism (ECBT) စခန်း (၂၂)ခုကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)