မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် e–Government အထောက်အကူပြု သတင်းအချက်အလက်စီမံခန့်ခွဲမှုသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

မကွေး ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် e–Government အထောက်အကူပြု သတင်းအချက်အလက်စီမံခန့်ခွဲမှုသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မကွေးမြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ICT နည်းပညာရဲ့ပံ့ပိုးမှုရယူပြီး မိမိတို့တိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ယခုထက် ပိုမိုအောင်မြင်မှုရရှိအောင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံတော်ကဆောင်ရွက်နေသည့် e-Government လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ National Database တည်ဆောက်ရေးများတွင်  မိမိတို့တိုင်းအနေနဲ့ အချက်အလက်စုဆောင်းမှုနှင့် ICT ကျွမ်းကျင်ဝန်ထမ်းမွေးထုတ်ပေးနိုင်မှုအပိုင်းတွင် အဆင်သင့်ဖြစ်နိုင်စေရေး ယခုလိုဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်းနှင့် ဌာနအတွင်းရှိဝန်ထမ်းများ ဆက်လက်တက်ရောက်နိုင်ရေး သင်တန်းကို ထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းမှရရှိလာသော ပညာရပ်များပေါ် အခြေခံပြီး မိမိတိုဌာန၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရေးကို ဆက်လက်လေ့လာဆည်းပူးသွားကြစေလိုကြောင်းနှင့် သင်ယူတက်မြောက်ခဲ့သည့် ပညာရပ်ဖြင့် တိုင်းဒေသကြီးရဲ့ e-Government လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးတွင် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူ ၆ ဦးအား ဆုများအသီးသီး  ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်က သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူနှစ်ဦးက လက်ခံရယူခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးသန်းဆွေဝင်းက သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်းတက်ရောက်ရခြင်းနှင့်ပတ်သက်၍ ရရှိလာသောအကျိုးကျေးဇူးများကို သင်တန်းသားတစ်ဦးက လက်တွေ့သရုပ်ပြရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာရုံးများမှ သင်တန်းသား၊ သင်တန်းသူ(၈၀)ဦးအား သင်တန်းနည်းပြများမှ ဒီဇင်ဘာလ(၄)ရက်နေ့မှ (၁၅)ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

အောင်ကို(ပြန်/ဆက်)